Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၇။
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်နဲ့ ဒလမြို့နယ်ကိုဆက်သွယ်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတားကိုဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီတံတားဖွင့်ပွဲကို စစ်ခေါင်းဆောင်တက်ရောက်ခဲ့ပြီး အခြေခံအဆောက်အအုံ လမ်းတံတားကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အဲဒီ ဒလတံတားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းတွေနှောင့်နှေးခဲ့ရပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ လုပ်ငန်းအားလုံး ပြီးစီးသွားတာ ဖြစ်ပါတယ်။
အဲဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းအရှည် ၆,၁၂၇ ပေ ရှိပါတယ်။
အဲဒီအပြင် ၄ လမ်းသွား တံတားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ ရှိတာကြောင့် တန်ချိန် ၁၅,၀၀၀ ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းသွားလာနိုင်ကာ ယာဉ်တစီးချင်း ခံနိုင်ဝန် ၇၅ တန် ရှိတယ်လို့ သိရပါတယ်။
















