Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၁၀။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ရှစ်ဦးသေဆုံးသွားတယ်လို့ မြိုင် – ပကဖမှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၉၉ နဲ့ ပျူစောထီးပူးပေါင်းအင်အားသုံးရာခန့်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ရွာအနီးမှာစတင်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အထိအခိုက်သေဆုံးမှုများတာကြောင့် ၁၂၂ ဟောင်ဝှစ်ဇာလက်ကြီးပစ်ကူခြောက်ကြိမ်နဲ့ လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း ကပစ၂၄ ကိုပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်အင်အား တရာ့ခုနှစ်ဆယ်ခန့်ကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း ပေါက်မြို့တောင်ပိုင်း ဆင်ဇာရွာမှပေါက်ချောင်းအောက်စုရွာအထိ အနီးကပ်လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကော်မရှင်ရဲ့ ကပစ၂၄ က ၈၁ မမ လက်ကြီးနဲ့ လေးကြိမ်ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်တပ်ဘက်မှ ဆယ့်ရှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရသွားခဲ့တာကြောင့် ပေါက်မြို့ဆေးရုံမှာလူနာတွေများနေပြီး မြို့နေပြည်သူတွေကို ဆေးရုံအတွင်းမဝင်ရလို့ပိတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။






