Border News Agency
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ PDF၊ ပကဖပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်း ပျူစောထီးရွာစခန်းတွေနဲ့ ကျွန်းလှမြို့နယ်က အင်တိုင်းပျူစောထီးရွာစခန်းအပါအဝင် ကောလင်းကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပူးပေါင်းတပ်ဖွဲ့တွေဟာ ကိုးတောင်ဘို့ရွာစခန်းကို ဇန်နဝါရီလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကိုလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာပဲ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သလို၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် စုစုပေါင်း ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ၄၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်မျိုးစုံ ၁၈၇ လက်နဲ့ ကျည်ဆန်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတွေထဲက အင်တိုင်းရွာစခန်းနဲ့ ကိုးတောင်ဘို့ရွာစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။













