ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ရိုင်မြို့နယ်က ဖတ်တုန်းပရာသန်းခီရီဝပ်ကျောင်းမှာဖေဖော်ဝါရီလ ၁၁ ရက်နေ့ကဖြစ်သွားတဲ့ သေနတ်ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ကွယ်လွန်သွားပြီဖြစ်ပါတယ်။
အဲဒါကြောင့် နစ်နာခဲ့ရသူတွေအတွက် နစ်နာကြေးတွေ အမြန်ဆုံးပေးသွားမယ်လို့ ထိုင်းတရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီ စိတ်မနှံ့တဲ့ ဒေသခံလူငယ်တဦးဟာ ကျောင်းထဲကို ကျူးကျော်ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
အဲဒီလို ပစ်ခတ်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး Mrs. Sasipat Sinsamosorn ရဲ့ ဘယ်ဘက်ရင်အုံမှာ သေနတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး ဆေးရုံမှာ ကုသနေရင်းနဲ့ပဲကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုအတွင်းမှာပဲ အသက်ဆယ့်ငါးနှစ်အရွယ် ကျောင်းသူတဦးမှာလည်း ခါးမှာ သေနတ်ဒဏ်ရာရခဲ့ပေမယ့် အရေးပေါ်အခြေအနေကနေ လွတ်မြောက်ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
အဲဒီအပြင် သေနတ်သမားရန်ကနေ လွတ်အောင် အဆောက်အဦပေါ်ကနေ ခုန်ချခဲ့လို့ ဒဏ်ရာရသွားတဲ့ ကျောင်းသားလေးတဦးကတော့ အခုထိဆေးရုံမှာ ဆက်ပြီး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
ဆောင်ခလာခရိုင် တရားရေးရုံးက တာဝန်ရှိသူတွေဟာ နစ်နာခဲ့တဲ့မိသားစုတွေဆီကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်ခံရသူတွေရဲ့ ကုသရေးနဲ့ တခြားနစ်နာကြေးတွေကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီကွယ်လွန်သွားတဲ့ ကျောင်းအုပ်ဆရာမကြီးအတွက် နစ်နာကြေး၊နာရေးစရိတ်နဲ့ ထောက်ပံ့ကြေး စုစုပေါင်း ဘတ် ၂၀၀,၀၀၀ ပေးသွားမှာဖြစ်ပြီး ဒဏ်ရာရသွား ကျောင်းသူ၊ကျောင်းသားတွေအတွက်လည်း ဆေးကုသစရိတ် ဘတ် ၄၀,၀၀၀ အထိနဲ့ တခြားနစ်နာကြေးတွေကိုပါ ပေးအပ်သွားဖို့ ရှိနေပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူ လူငယ်ကတော့ အရင်က မူးယစ်ဆေးသုံးခဲ့ဖူးသလို စိတ်ကျန်းမာရေးကုသမှုလည်း ခံယူဖူးသူတဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။






