Border News Agency
နေပြည်တော်၊ ဧပြီ ၁၆။
မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယမှာ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အကျဉ်းကျနေသူအားလုံး မိသားစုတွေနဲ့ အမြန်ဆုံးပြန်လည်ဆုံစည်းခွင့်ရဖို့ သားဖြစ်သူကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။
သင်္ကြန်ကာလဟာ ချစ်ခင်ရသူတွေ အတူတူရှိနေရမယ့်အချိန်ဖြစ်ပေမယ့် လက်ရှိမှာတော့ မိသားစုအများအပြားဟာ မတရားဖမ်းဆီးခံထားရမှုတွေကြောင့် ကွဲကွာနေရဆဲဖြစ်တယ်လို့ ကိုထိန်လင်းက သူရဲ့လူမှုကွန်ရက်ကတဆင့်ပြောကြားခဲ့တာပါ။
သားတယောက်အနေနဲ့ မိခင်ဖြစ်သူနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ပြီး သူတို့ချစ်တဲ့သူတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ပဲ ဆုတောင်းနေပြီး ပြည်သူတွေအနေနဲ့လည်းသူ့နည်းတူ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် NLD ဗဟိုလူငယ်အဖွဲ့က မြန်မာနှစ်ဆန်းတရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘေးကင်းလွတ်မြောက်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ နှိုးဆော်ထားပါတယ်။
ဒီလှုပ်ရှားမှုမှာ ပြည်သူတွေအနေနဲ့ မိမိတို့ယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းပေးကြဖို့နဲ့ အတာပန်းတွေ ပန်ဆင်ကာ ဆုတောင်းနေတဲ့ မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေကို လူမှုကွန်ရက်မှာမျှဝေပြီး ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။






