Border News Agency
မကွေး၊ မေ ၃၁။
မကွေးတိုင်း၊ ယောဒေသ၊ ပုံတောင်နတ်ထိပ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေအကြား တိုက်ပွဲပေါင်းအကြိမ် ၁၀၀ ထက်မနည်း ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၈၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ ယောတပ်တော် (YA) က မေလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပေါက်မြို့နယ် ကပစ -၂၄ ကနေထွက်ခွာလာတဲ့အင်အားထောင်ချီပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းတွေဟာ ယောဒေသ ပုံတောင်နတ်ထိပ်ဘက်ကို မေလ ၁၁ ရက်နဲ့ ၂၂ ရက်နေ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မေလ ၁၃ ရက်နေ့ကစတင်ကာ ဒေသခံမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲလို့ဆိုပါတယ်။
အဲဒီလိုရက်ပေါင်းနီးပါးကြာမြင့်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်က အာဇာနည်ရဲဘော်အချို့ အသက်စွန့်လွှတ်ခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တဲ့အပြင် စစ်သုံ့ပန်းအချို့နဲ့လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် ညှင်းပန်းသတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တဲ့အပြင်၊ စစ်ဘေးရှောင်စခန်းတွေကိုလည်း လေကြောင်းတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြတယ်လို့ဆိုပါတယ်။
ယောတပ်တော်အနေနဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ယောဒေသအပါအဝင် တနိုင်ငံလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ရှေ့ဆက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ကာ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။




