Border News Agency
အမေရိကန်၊ ဧပြီ ၁၆။
အာရပ်ပင်လယ်ပြင်အတွင်း ရောက်ရှိနေတဲ့ အမေရိကန်တိုက်ခိုက်ရေးသင်္ဘော USS Tripoli (LHA 7) ပေါ်မှာ အမေရိကန်မရိန်းတပ်သားတွေဟာ ရေကြောင်းကြားဖြတ်ဟန့်တားမှု အပါအဝင် အနီးကပ်တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလေ့ကျင့်မှုတွေဟာ အီရန်နိုင်ငံရဲ့ပင်လယ်ရေကြောင်း လမ်းကြောင်းတွေကို ပိတ်ဆို့ထိန်းချုပ်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။
အဲဒီ USS Tripoli သင်္ဘောဟာ အီရန်နိုင်ငံပိုင်ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာနေတဲ့ သင်္ဘောအားလုံးကို ပိတ်ဆို့တားဆီးတဲ့ စစ်ဆင်ရေးတခုကို လုပ်ဆောင်နေတာပါ။
ဒီပိတ်ဆို့မှုဟာ ဘယ်နိုင်ငံက သင်္ဘောဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ အားလုံးအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
မရိန်းတပ်သားတွေဟာ သင်္ဘောပေါ်တက်ရောက် စစ်ဆေးတာနဲ့ ကြားဖြတ်တားဆီးတာမျိုးတွေမှာ ကျွမ်းကျင်မှုရှိစေဖို့ အခုလို လေ့ကျင့်နေတာဖြစ်ပါတယ်။
ဒါဟာ အီရန်နိုင်ငံအပေါ် စီးပွားရေးနဲ့ စစ်ရေးအရ ဖိအားပေးနေတဲ့ အမေရိကန်ရဲ့ဗျူဟာမြောက်လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
ဒီရေကြောင်းပိတ်ဆို့မှုကြောင့် အီရန်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရေနံတင်ပို့မှုတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိနေပြီး ဒေသတွင်း တင်းမာမှုတွေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။ အမေရိကန်ဘက်ကတော့ လုံခြုံရေးအရ ဒီလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေပေမယ့် တဖက်မှာလည်း စစ်ရေးအရ အခုလိုဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရှေ့အလယ်ပိုင်းအခြေအနေဟာ ဆက်လက်စိုးရိမ်ရဆဲဖြစ်ပါတယ်။





