Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၈ လကြာ တာဝန်ယူခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ တရားဝင်အသိပေးလာပါတယ်။
ကြားဖြတ်အစိုးရ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်ရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ၁၈ လတာ ခရီးစဉ်အတွင်း ဝန်းရံကူညီပေးခဲ့ကြတဲ့ပြည်သူတစ်ရပ်လုံးကို အထူးပဲကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါမှာတော့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံထားရတဲ့ မစ္စတာတာရက်ခ်ရာမန်က ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ နှုတ်ထွက်တော့မယ့် အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်တို့ဟာ အပြန်အလှန်နှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး နိုင်ငံ့တာဝန်တွေကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့ကြပါတယ်။
ကြားဖြတ်အစိုးရရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေဟာလည်း အခုဆိုရင်ဝန်ဆောင်မှုတွေ ရပ်နားတော့မှာဖြစ်ပြီး နောက်ထပ်လှုပ်ရှားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အပြောင်းအလဲသစ်တခုဖြစ်ပြီး ကြားဖြတ်အစိုးရလက်ထက်ကနေ ရွေးကောက်ခံအစိုးရသစ်လက်ထက်ကို ကူးပြောင်းနိုင်ခဲ့တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။






