Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၈။
ထိုင်း – လာအိုနယ်စပ်၊ မုဒါဟန်ခရိုင်အတွင်း တရားမဝင်တင်သွင်းလာတဲ့ ဆန်နက် (Riceberry) ၁၅ တန် (အိတ် ၃၀၀) နဲ့ ၁၀ ဘီးကုန်တင်ကားတစီးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၂ အကောက်ခွန်ဒေသရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီမုဒါဟန်မြို့နယ်၊ ဘန်ကန်းကျေးရွာရှိ ဘုရားကျောင်းရှေ့မှာ သတင်းအရစောင့်ဆိုင်းစစ်ဆေးခဲ့ရာ ရွိုင်အက်လိုင်စင်ပါ ISUZU ၁၀ ဘီးကားပေါ်ကနေ အထောက်အထားမဲ့ ဆန်နက်အိတ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ယာဉ်မောင်းဖြစ်သူ နိုင်ချမ်နန်ဖွန်းကို စစ်ဆေးရာမှတဆင့် ကုန်ပစ္စည်းပိုင်ရှင်နိုင်စူရချိုင်ကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ပိုင်ရှင်ဖြစ်သူရဲ့ ဝန်ခံချက်အရ ပါဆန်တွေကို လာအိုနိုင်ငံသားတဦးထံကနေ ဈေးပေါပေါနဲ့ဝယ်ယူကာ သုရင် (Surin) ခရိုင်သို့ပို့ဆောင်ရောင်းချဖို့ ခိုးယူတင်သွင်းလာတာ ဖြစ်ပါတယ်။
အဲဒီ သိမ်းဆည်းရမိတဲ့ ဆန်နဲ့ကုန်တင်ကား စုစုပေါင်းအလေးချိန် ၂၄.၇ တန်ကို ၂၀၁၇ အကောက်ခွန်အက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး ကုန်ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းဖို့ပိုင်ရှင်က သဘောတူညီခဲ့ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေကို လိုအပ်တဲ့ဒဏ်ငွေပေးဆောင်မှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ဖို့ မုဒါဟန်အကောက်ခွန်ဌာနဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။














