တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ၁၇ ရက်၊မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီပုလောမြို့နယ်၊တောင်ခေါင်းလောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီခန့်အကြာမှာပဲ စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သလို တခြား ၃ ဦးကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဆီကနေ ၆၀ မမ ဗုံးသီး ၁၀ လုံး၊အီနာဂါ ၂ လုံးနဲ့ တခြားစစ်အသုံးအဆောင် ဆက်စပ်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တပ်စခန်းကိုဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT) နဲ့ သရက်ချောင်းပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (TPDGF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။









