ထိုင်းနိုင်ငံ၊ ရယောင်မြို့နယ်၊ ကချတ်ဈေးအတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတဦးကို မူးယစ်ဆေးပြား၂,၇၃၀ ပြားနဲ့အတူ ဖေဖော်ဝါရီလ ၂၀ ရက်၊ မနေ့က အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီ ရယောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် “Re-X Ray” စစ်ဆင်ရေးကို လုပ်ဆောင်နေစဉ်အတွင်း အခုလို ဈေးထဲမှာ ဆေးပြားတွေ ရောင်းချနေတဲ့ သတင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် တရားခံ ဂျင်ဝစ် (Jenwit) ဆိုသူဟာ လူမှုကွန်ရက်ကနေတဆင့် ဒေသတွင်းကလူငယ်တွေနဲ့ အလုပ်သမားတွေဆီကို ဆေးပြားတွေ ဖြန့်ဖြူးနေတာကြောင့် အာဏာပိုင်တွေက အရပ်ဝတ်နဲ့ ဝယ်ယူဟန်ဆောင်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာပါ။
အဲဒီ တရားခံရဲ့ ထွက်ဆိုချက်အရ သူဟာ မူးယစ်ကွန်ရက်တွေဆီကနေ ဆေးပြားတွေကို လက်ခံရယူပြီး အမြတ်အစွန်းအတွက် အကြိမ်ကြိမ် ပြန်လည်ရောင်းချနေတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အဲဒီ တရားခံကို စမ်နပ်ထောင်ရဲစခန်းဆီ လွှဲပြောင်းပေးထားပြီး သူနဲ့ ဆက်နွှယ်နေတဲ့ မူးယစ်ကွန်ရက်တွေကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။











