Border News Agency
တနင်္သာရီ၊ ဇွန် ၂။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး လက်နက်နဲ့အတူ KNLA ဆီအလင်းဝင်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရုံးက ဇွန်လ ၂ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခလရ တပ်ရင်း ၁၀၁ မှ တပ်သားတဦးဟာ ဇွန်လ ၁ ရက်၊ မနေ့က KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁ ဆီကို ဘက်ပြောင်းခိုလှုံလာခဲ့တာပါ။
အဲဒီအလင်းဝင်တပ်သားနဲ့အတူ MA-2 သေနတ်တလက်နဲ့ ကျဉ်ဆံတွေကိုပါ တပါတည်း ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ထဲက KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁ နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဆီကို စစ်တပ် ခမရ ၅၆၁ တပ်ရင်းက တပ်သားနှစ်ဦးအလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားတွေဟာ MA-1 သေနတ်တလက်၊ MA-11 သေနတ်တလက်၊ ကျည်ဆံ ၂၄၄တောင့်၊ ကျည်ဘောင် ၇ခု ကို ယူဆောင်လာပြီး KNLA ဆီမှာ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။





