Border News Agency
ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၃။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပဲနုပ်ဆွပ်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade က ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၃ နာရီအချိန်မှာ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ပဲနုပ်ဆွပ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးထဲမှာလည်း အခြေအနေစိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁ နာရီဝန်းကျင်မှာလည်း ကျွန်းလှမြို့နယ်အနောက်ခြမ်း၊ သဖန်းဆိပ်ဆည်အနီးကို ၅ ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၄ စီးဟာ ဟုမ္မလင်းလေတပ် (ဟလခ) သို့ ရောက်ရှိနေပြီး ဟုမ္မလင်းနဲ့ဖောင်းပြင်နယ်အတွင်းရှိ မိဘပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့နဲ့ လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့ PDC က အသိပေးထားပါတယ်။












