Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄။
ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဖင်လန်သံရုံးကို လာမယ့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အပြီးတိုင်ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီပိတ်သိမ်းမှုဟာ စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးရှုပ်ထွေးမှုတွေအပြင် ကုန်သွယ်ရေးနဲ့ သံတမန်ရေးကဏ္ဍတွေ ရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ ဖင်လန်အစိုးရက ဆိုပါတယ်။
သံရုံးပိတ်သိမ်းလိုက်တဲ့အတွက် ကောင်စစ်ဝန်ဆောင်မှုတွေဖြစ်တဲ့ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာနဲ့ နိုတြီထောက်ခံချက် အစရှိတဲ့လုပ်ငန်းစဉ်အားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ဖင်လန်သံရုံးကနေ ပြောင်းလဲဆောင်ရွက်ပေးသွားမှာပါ။
အဲဒီ နေထိုင်ခွင့်လက်မှတ် (residence permits) လျှောက်ထားလိုသူတွေအနေနဲ့ Ban.Konsuli@gov.fi ဒါမှမဟုတ် viisumi.ban@gov.fi အီးမေးလ်တွေကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
ဗီဇာနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ဂျာမနီနိုင်ငံသံရုံးက ကိုယ်စားပြုလုပ်ဆောင်ပေးသွားမှာဖြစ်ပြီး အခြားကိစ္စရပ်တွေအတွက် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်အာရှနဲ့တောင်အရှေ့အာရှဆိုင်ရာဌာနကို တိုက်ရိုက်ဆက်သွယ်ရမှာ ဖြစ်ပါတယ်။
ဒါဟာ သံရုံးကိုမြေပြင်မှာ မထားရှိတော့ပေမယ့် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို အဝေးရောက်စနစ်နဲ့ ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။
ဖင်လန်အစိုးရဟာ သံရုံးပိတ်သိမ်းမယ့်အကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက ကြိုတင်အသိပေးခဲ့တာပါ။
အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြောင့် သံတမန်ရေးအရကန့်သတ်ချက်တွေ များပြားလာတာကို အကြောင်းပြချက်အဖြစ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖင်လန်သံရုံးတင်မကဘဲ ဒိန်းမတ်သံရုံးကလည်း လာမယ့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာတော့မှာဖြစ်တယ်လို့ ကြိုတင်ကြေညာထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံတကာသံရုံးတွေ တခုပြီးတခုပိတ်သိမ်းလာနေတာဟာ မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ အထီးကျန်ဖြစ်မှုကို ပိုမိုသိသာစေပါတယ်။






