ခလယ်လွီထူခရိုင်ထဲက မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရပြီးနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ကေအဲန်ယူ-ဗဟိုက ဖေဖော်ဝါရီလ ၂၅ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီမူးမြို့နယ် ငနွားဆိပ်ကျေးရွာထဲကိုဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် မောင်စိုးလင်းခိုင်နဲ့ ၁၅ နှစ်အရွယ် မောင်မြင့်ခိုင်တို့ နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီအပြင် လယ်ဒိုမြို့နယ်ဘက်မှာလည်း စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကညင်ကျွန်းရွာက အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သလို၊ သမိန်အင်းကုန်းကျေးရွာက နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ရပါတယ်။
နောက်ပြီးကျောက်တံခါးဘက်ကနေ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဖျံတလင်းကျေးရွာက နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အခုလို စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတဲ့အပြင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။

















