Border News Agency
မကွေး၊ ဇူလိုင် ၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာနဲ့ သလယ်ကျေးရွာကြား လမ်းဘေးမှာ ဇူလိုင်လ၅ ရက်နေ့က မြေမြှုပ်အမျိုးသားအလောင်းတလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအလောင်းဟာ ဇူလိုင်လ ၂ ရက်နေ့ကဆိုင်ကယ်ပျက်ပြီး လမ်းမှာပျောက်နေတဲ့ ကျောက်မကျေးရွာမှအသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ယာဉ်မောင်းကိုမျိုးသူအောင်ဖြစ်တယ်လို့ အတည်ပြုကြပါတယ်။
အဲဒီတောဒေသခံတဦးဝါးခုတ်သွားရင်း မြေဇာပုံတွေ့လို့ သက်ဆိုင်ရာအကြောင်းကြားပြီး သွားတူးခဲ့ကြတာပါ။
အဲဒီကိုမျိုးသူအောင်မှာ မှောက်ခုံမြေမြှုပ်ခံထားရပြီး လည်ပင်း၊ နောက်ကျောနဲ့ နံကြားတွေမှာ ညိုမဲဒဏ်ရာတွေနဲ့အတူ ပုတ်ပွသေဆုံးနေတာလို့ ဆိုပါတယ်။
သူပျောက်စဉ်ကငွေသားခြောက်သိန်း၊ ဖုန်းနဲ့အထောက်အထားစာရွက်စာတမ်းတွေ လုယူသတ်ဖြတ်အလောင်းဖျောက်ထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေဆိုကြပါတယ်။










