Border News Agency
စစ်ကိုင်း၊ မတ် ၄။
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ အင်းဝိုင်းလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်မှ တပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်လာတယ်လို့ PDF မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက မတ်လ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအင်းဝိုင်းစခန်းမှာတာဝန်ကျနေတဲ့လဟယ်မြို့အခြေစိုက် ခလရ ၂၇၂ တပ်ရင်းမှတပ်ကြပ်တဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က MA-3သေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့အလင်းဝင်လာတာလို့ဆိုပါတယ်။
သူ ဟာအမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် ၁ စစ်ဒေသ၊မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းထံသို့ ချိတ်ဆက်အလင်းဝင်ရောက်လာတာလို့ဆိုပါတယ်။
အလင်းဝင်လာသူ တပ်ကြပ်က စစ်ကော်မရှင်တပ်ရဲ့အရပ်သားတွေအကြိမ်ကြိမ် အနိုင်ကျင့်ဗိုလ်ကျတာနဲ့ မီးရှို့သတ်ဖြတ်တွေကိုဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် အခုလို ဘက်ပြောင်းလာတာလို့ဆိုပါတယ်။
နောင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်ကော်မရှင်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်ဟု ပြောဆိုထားပါတယ်။
မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက အလင်းဝင်လာတဲ့ တပ်ကြပ်ကို ဆုကြေးငွေ သိန်း ၅၀ ကျပ် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။








