Border News Agency
ယင်းမာပင်၊ မတ် ၇။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီပြီး ဘေးလွတ်ရာကိုအရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အဲဒီမုံရွာ နမခကနေ စစ်ကား ၂၀ နဲ့ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်ဟာ မတ်လ ၆ ရက် ညနေပိုင်းမှာ ဘန့်ဘွေးရွာကို ရောက်ရှိခဲ့တာပါ။
အဲဒီစစ်ကြောင်းဟာ မတ်လ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းမှာတော့ ဘန့်ဘွေးရွာကနေ စစ်ကြောင်းစတင်ထိုးလာပြီး လက်ရှိမှာ မယ်စောတောတိုက်ကိုရောက်ရှိနေကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ထန်းဇင်၊ မယ်စောတောတိုက်၊ ကံစု၊ ကြက်လျှာနဲ့ တရော်ကျင်းကျေးရွာတွေက ပြည်သူတွေစစ်ဘေးရှောင်နေရသလို မယ်စောတောတိုက်ရှိ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စစ်ကော်မရှင်တပ်က သိမ်းဆည်းသယ်ယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘန့်ဘွေးကျေးရွာဟာ အာဏာသိမ်းပြီးကတည်းက စစ်ကော်မရှင်တပ်အထိုင်ချတပ်စွဲထားတဲ့နေရာဖြစ်ပြီး အနီးနားကျေးရွာတွေကိုစစ်ကြောင်းထိုးကာ အနိုင်ကျင့်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြရပါတယ်။











