Border News Agency
ကိုလံဘို၊ မတ် ၇။
အိန္ဒိယသမုဒ္ဒရာအတွင်း အမေရိကန်ရေငုပ်သင်္ဘောတွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် အီရန်ရိက္ခာတင်သင်္ဘော IRINS Bushehr ဟာ သီရိလင်္ကာအစိုးရထံမှာ ခိုလှုံခွင့်နဲ့ အကာအကွယ်တောင်းခံခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီသင်္ဘောပေါ်မှာပါလာတဲ့ အီရန်ရေတပ်သားနဲ့ သင်္ဘောသား စုစုပေါင်း ၂၀၈ ဦးကို သီရိလင်္ကာအာဏာပိုင်တွေက ကမ်းပေါ်ကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အရင်ကအီရန်စစ်သင်္ဘော RIS Dena နှစ်မြှုပ်ခံခဲ့ရတဲ့ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် အီရန်ဘက်က ကြိုတင်ကာကွယ်တာဖြစ်တယ်လို့လည်းသိရပါတယ်။
အဲဒီသင်္ဘောကိုသီရိလင်္ကာအရှေ့မြောက်ပိုင်းက ထရင်ကိုမာလီ ဆိပ်ကမ်းကို ပို့ဆောင်ထားမှာဖြစ်တယ်လို့သိရပါတယ်။
ဒီအကူအညီအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်စကားပြောကြားခဲ့သလို ကုလသမဂ္ဂ (UN) ကလည်း သီရိလင်္ကာရဲ့အခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုကို ချီးကျူးခဲ့ပါတယ်။
သီရိလင်္ကာအစိုးရကတော့ သူတို့အနေနဲ့ နိုင်ငံတကာသဘောတူညီချက်တွေအတိုင်း ကြားနေဝါဒနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီး ကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။




















