Border News Agency
အီရန်၊ မတ် ၂၃။
အီရန်ရဲ့စွမ်းအင်ကဏ္ဍနဲ့ အခြေခံအဆောက်အအုံတွေကို အမေရိကန်ကတိုက်ခိုက်မယ်ဆိုရင် ဒေသတွင်းမှာတန်ပြန်တိုက်ခိုက်မှုတွေ ပြင်းထန်လာနိုင်တယ်လို့ အာရပ်နိုင်ငံတွေကသမ္မတဒေါ်နယ်ထရမ့် အစိုးရကိုသတိပေးလိုက်တယ်လို့ The Wall Street Journal (WSJ)က ဖော်ပြပါတယ်။
အမေရိကန်က တကယ်လို့အီရန်ရဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကိုတိုက်ခိုက်ခဲ့ရင် အီရန်ဘက်ကလည်းအာရပ်နိုင်ငံတွေမှာရှိတဲ့ ရေချိုထုတ်လုပ်ရေးစက်ရုံတွေနဲ့ စွမ်းအင်ကဏ္ဍတွေကို ပြန်လည်ပစ်မှတ်ထားလာမှာကို အာရပ်နိုင်ငံတွေက စိုးရိမ်နေကြတာပါ။
ဒါဟာ တဒေသလုံးမှာ ရေနဲ့လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟော်မုဇ်ရေလက်ကြားကို ပုံမှန်အတိုင်းပြန်ဖွင့်ပေးဖို့ အီရန်ကို ၄၈ နာရီ အချိန်ပေးထားပြီး မတ်လ ၂၃ ရက်၊ ဒီနေ့မှာ နောက်ဆုံးသတ်မှတ်ချက်ပြည့်မှာဖြစ်ပါတယ်။
အဲဒီလိုမှ မလုပ်ရင် အီရန်ရဲ့အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အရင်ဆုံးဗုံးကြဲချေမှုန်းမယ်လို့ ထရမ့်ကခြိမ်းခြောက်ထားတာပါ။
တဖက်မှာလည်း အီရန်ဘက်က သူတို့ရဲ့အခြေခံအဆောက်အအုံတွေ အတိုက်ခိုက်ခံရရင် အမေရိကန်တပ်စခန်းတွေရှိတဲ့အိမ်နီးချင်းနိုင်ငံတွေက စွမ်းအင်နဲ့ IT စနစ်တွေကိုပါ တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်ပြီးပြန်လည်တိုက်ခိုက်မယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ပျက်စီးသွားတဲ့စက်ရုံတွေပြန်ပြင်ပြီးတဲ့အထိ ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့လည်း အီရန်ဘက်ကတုံ့ပြန်ထားပါတယ်။






