Border News Agency
အီရန်၊ ဧပြီ ၁။
အီရန်နိုင်ငံရဲ့အဓိကရေနံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကိုသိမ်းပိုက်ပြီး ရေနံတွေကိုထိန်းချုပ်ဖို့အတွက် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို စေလွှတ်လိုက်ပြီလို့ သမ္မတဒေါ်နယ်ထရန့်က အတည်ပြုပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
အဲဒီအစီအစဉ်ကို အမေရိကန်ပြည်တွင်းကနေ ကန့်ကွက်နေသူတွေကိုလည်း “လူမိုက်တွေ” လို့သူက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တာပါ။
ထရန့်ကအီရန်ရေနံကိုသိမ်းပိုက်ဖို့ဟာ သူ့ရဲ့အကြိုက်ဆုံးအစီအစဉ်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံမှာလိုပဲအီရန်ရေနံလုပ်ငန်းတွေကို အကန့်အသတ်မရှိ ထိန်းချုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။
အဲဒီအတွက် အရှေ့အလယ်ပိုင်းကို မရိန်းတပ်ဖွဲ့ဝင်တွေအပြင် ခြေလျင်တပ်ရင်း ၈၂ က ထောင်နဲ့ချီတဲ့စစ်သည်တွေကိုပါပို့ဆောင်ဖို့စီစဉ်နေပြီး အခုသတင်းပတ်အတွင်းမှာပဲ နောက်ထပ်စစ်သည် ၃,၅၀၀ ဟာ USS Tripoli သင်္ဘောနဲ့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အီရန်ဘက်ကတော့ အခုလိုသိမ်းပိုက်ဖို့ကြိုးစားလာရင် ဒေသတွင်းကအမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကိုပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်စစ်သားတွေ မြေပြင်ကိုဆင်းလာတာနဲ့ မီးလောင်တိုက်သွင်းအပြစ်ပေးဖို့ အသင့်ရှိနေတယ်လို့တုံ့ပြန်ထားတာပါ။
လက်ရှိ ၅ ပတ်တာ စစ်ပွဲအတွင်းမှာ အီရန်နိုင်ငံအတွင်းက ကလေးငယ် ၂၀၀ ကျော်အပါအဝင် လူပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့ပြီးပြီလို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
တဖက်မှာလည်း ပါကစ္စတန်၊ ဆော်ဒီ၊ အီဂျစ်နဲ့ တူရကီနိုင်ငံတွေက သံတမန်တွေဟာ စစ်ပွဲရပ်တန့်ဖို့ ကြိုးစားနေကြပေမဲ့ ရေနံဈေးနှုန်းတွေကတော့ တစည်ကို ၁၁၆ ဒေါ်လာအထိ ထိုးတက်သွားခဲ့ပါတယ်။
ထရန့်ကတော့ အီရန်နဲ့ဆွေးနွေးမှုတွေဟာ အဆင်ပြေနေပြီးအီရန်ဘက်ကလည်း လေးစားမှုပြတဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘော အစီး ၂၀ ကို ဖြတ်သန်းခွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။
ဒါပေမယ့်အချိန်မီ သဘောတူညီချက်မရရင်တော့ ကျန်ရှိနေသေးတဲ့အီရန်အတွင်းက ပစ်မှတ် ၃,၀၀၀ ကျော်ကို ဆက်လက်ဗုံးကြဲသွားမှာဖြစ်ပြီး ရေနံတွင်းတွေ၊ လျှပ်စစ်စက်ရုံတွေနဲ့ ရေချိုထုတ်စက်ရုံတွေကိုပါ အကုန်ဖောက်ခွဲဖျက်ဆီးပစ်မယ်လို့ ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။
ဒါ့အပြင်အီရန်ရဲ့ခေါင်းဆောင်သစ်မော့တာဘာ ခါမေနီ (Mojtaba Khamenei) ဟာလည်း စစ်ပွဲအတွင်းမှာ သေဆုံးသွားတာ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရနေတာကြောင့် လူမြင်ကွင်းကပျောက်ကွယ်နေတာဖြစ်တယ်လို့ ထရန့်ကထည့်သွင်းပြောကြားခဲ့ပါတယ်။






