Border News Agency
မကွေး၊ဇူလိုင် ၁။
မကွေးတိုင်း၊အောင်လံမြို့နယ်နဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ထဲမှတိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီး ၂၀ ကျော်သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပြည်ခရိုင် တပ်ရင်း၂ က ဇွန်လ ၃၀ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ အောင်လံမြို့နယ်၊ရွှေပန်းတောတိုက်နယ်၊ရွှေပန်းတောကျေးရွာထဲကပျူစောထီးဂိတ်စခန်းကို ဇွန်လ ၂၁ ရက်၊မနက် ၅ နာရီအချိန်မှာ သရက်ခရိုင် အမှတ်၂ တပ်ရင်းနဲ့ ပြည်ခရိုင် အမှတ်၂ တပ်ရင်းတို့က ၁၄၀၄ စစ်ဆင်ရေး အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ပျူစောထီး ပူးပေါင်းတပ်ဘက်မှ စုစုပေါင်း ၁၇ ဦး သေဆုံးသွားခဲ့ပြီး ကင်းထောက်ဒရုန်းတစီးနဲ့အတူ စစ်သုံ့ပန်းတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပေါက်ခေါင်းမြို့နယ်၊တောင်ဒါးတိုင်စခန်းကနေ တောင်လည်ကျေးရွာဘက်ကိုထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဇွန်လ ၂၃ ရက်၊မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာလည်း ပြည်ခရိုင်အမှတ် ၂ တပ်ရင်း၊တပ်ရင်းစစ်ကြောင်းရဲ့ တပ်ခွဲ ၁ နဲ့ ၂ တို့က ငါးရွေးဆိုင်ကျေးရွာနဲ့ ကိုးခွကျေးရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ပေါက်ခေါင်းမြို့နယ်အတွင်းမှာလည်း ဇွန်လ ၂၅ ရက်နေ့က ပေါက်ခေါင်းမြို့ဘက်ကနေ တောင်လည်တာဝါတိုင်စခန်းကို ထွက်ခွာလာတဲ့ စစ်ကြောင်းကို ပြည်ခရိုင်အမှတ်၂ တပ်ရင်း၊တပ်ခွဲ ၄ နဲ့ ရွှေတောင်မြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေက မုံညင်းကွင်းကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်မှအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။









