Border News Agency
အီရန်၊ မတ် ၃၁။
အမေရိကန်ကအီရန်နိုင်ငံအတွင်းကို မြေပြင်ထိုးစစ်ဆင်ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် အစ္စရေးစစ်တပ် (IDF) အနေနဲ့ ပါဝင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ အစ္စရေးမီဒီယာတွေကဖော်ပြပါတယ်။
အမေရိကန်နဲ့အစ္စရေးကြားစစ်ရေးအရ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်နေပေမဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ အစ္စရေးကပါဝင်ဖို့ ဆန္ဒမရှိဘူးလို့ဆိုပါတယ်။
လက်ရှိမှာဝါရှင်တန်နဲ့ တဲလ်အဗီးဗ် (အမေရိကန်နဲ့ အစ္စရေး) ကြားစစ်ပွဲနယ်ပယ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
အစ္စရေးဘက်က အီရန်ရဲ့ နျူကလီးယားစီမံကိန်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို အမြစ်ပြတ်ဖျက်ဆီးပစ်ချင်နေတာပါ။
ဒါပေမယ့် အမေရိကန်ဘက်ကတော့ ဒီစစ်ပွဲဟာမြေပြင်တိုက်ပွဲအထိ ကူးစက်သွားပြီး စစ်မီးပိုတောက်လာမှာကိုစိုးရိမ်တာကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာတော့ အမေရိကန်နဲ့အစ္စရေးတို့ဟာ တာဝန်ယူရမယ့်နယ်မြေတွေကို ရှင်းရှင်းလင်းလင်း ခွဲဝေထားပါတယ်။
အစ္စရေးက အီရန်မြောက်ပိုင်းနဲ့လက်ဘနွန်က ပစ်မှတ်တွေကိုတိုက်ခိုက်ပြီး အမေရိကန်ကတော့အီရန်အလယ်ပိုင်းနဲ့ တောင်ပိုင်းကပစ်မှတ်တွေကို တိုက်ခိုက်ဖို့ တာဝန်ယူထားတာပါ။
အီရန်ကိုလေကြောင်းကနေ ဗုံးကြဲရာမှာအတူတူလုပ်ဆောင်နေပေမယ့် အမေရိကန်ကမြေပြင်ကနေ ဝင်တိုက်မယ်ဆိုရင်တော့ အစ္စရေးကတပ်သားတွေစေလွှတ်ပြီး ပါဝင်ကူညီမှာမဟုတ်ဘူးလို့ အစ္စရေးရဲ့ Channel 12 အပါအဝင် မီဒီယာအတော်များများက ဖော်ပြနေကြပါတယ်။






