Border News Agency
ထိုင်း၊ မတ် ၃၁။
ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ ဒုတိယမြောက် အစိုးရအဖွဲ့မှာတာဝန်ထမ်းဆောင်မယ့် ဝန်ကြီးတွေကိုခန့်အပ်တဲ့အမိန့်ကို ဘုရင်မင်းမြတ်က မတ်လ ၃၁ ရက်၊ ဒီနေ့မှာအတည်ပြုလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် အနုတင်ဟာ နိုင်ငံတော်စီမံခန့်ခွဲမှုကိစ္စတွေကိုဆက်လက်ဆောင်ရွက်ဖို့အတွက် ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ယူမယ့်သူတွေကို ကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဘုရင်မင်းမြတ် Maha Vajiralongkorn က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၈ အရ အတည်ပြုပေးခဲ့တာပါ။
အခု အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးချုပ် အနုတင်ဟာ ဝန်ကြီးချုပ်တာဝန်အပြင် ပြည်ထဲရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲယူထားပါတယ်။
ဒါ့အပြင် ဒုတိယဝန်ကြီးချုပ် ၇ ဦးအထိ ခန့်အပ်ထားပြီး ဘဏ္ဍာရေး၊ နိုင်ငံခြားရေးနဲ့ စီးပွားရေးဝန်ကြီးဌာနတွေကိုလည်း ဒုဝန်ကြီးချုပ်တွေကပဲ ကိုင်တွယ်သွားမှာပါ။
ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး Adul Boonthamcharoen ကို ခန့်အပ်ထားသလို ပို့ဆောင်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေမှာလည်း လုပ်ငန်းတွေ ပိုမိုသွက်လက်စေဖို့အတွက် ဒုတိယဝန်ကြီး ၃ ဦးစီအထိ ဖြည့်စွက်ခန့်အပ်ထားတာ တွေ့ရပါတယ်။
ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနအတွက်လည်း ဝန်ကြီး ၄ ဦးအထိ ခန့်အပ်ထားပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စက်မှုဝန်ကြီးဌာနတွေမှာလည်း ဝန်ကြီးအသစ်တွေနဲ့ အစိုးရအဖွဲ့ကို အင်အားဖြည့်တင်းလိုက်တာကြောင့် အနုတင်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ ပိုမိုအားကောင်းလာဖို့ ရှိနေပါတယ်။






