Border News Agency
မြောက်ဦး၊ ဧပြီ ၁၄။
တပါတီစနစ်(One-party system)ဆိုတာ နိုင်ငံရေးအာဏာကို ပါတီတခုတည်းကသာ ချုပ်ကိုင်ထားတဲ့စနစ်ပါ။
အဲဒီစနစ်မှာ တခြားမိတ်ဘက်ပါတီတ ချို့တလေတည်ထောင်ခွင့်ရနိုင်ပေမယ့် တကယ့်အတိုက်အခံပါတီတွေတည် ထောင်ရပ်တည်ခွင့်မရှိပါဘူး။
တပါတီစနစ်ဆိုတာ လူထုရဲ့အာဏာ၊ နိုင်ငံရေးအာဏာကို တပါတီကလွဲပြီးတခြားအုပ်စုတွေကို ရွေးချယ်ခွင့်မရှိတဲ့စနစ်ပါပဲ။
ဗြိတိသျှသမိုင်းပညာရှင်၊ နိုင်ငံရေးသမားလောဒ့်အက်တွန် ( Lord Acton)က ၁၈၈၇ ခုနှစ်မှာ သာသနာပိုင်ခရစ်ယာန်ဘုန်းတော်ကြီးမင်ဒလ်ကရိုက်တန် (Mandell Creighton )ကို စာတစောင်ရေးပို့ခဲ့ပါတယ်။
လောဒ်အက်တွန်ကစာထဲ”အကြွင်းမဲ့အာဏာဟာ လူကိုအကြွင်းမဲ့ပျက်စီးစေတယ်။ (Power tends to corrupt, and absolute power corrupts absolutely)”လို့ ဆိုပါတယ်။
လောဒ်အက်တွန်ရဲ့စကားဟာ ၂၀၂၆ ခုနှစ်မှာ နှစ်ပေါင်း ၁၃၉ နှစ်ကြာသွားပေမယ့် သူ့စကားမှန်နေဆဲပါ။
တပါတီစနစ်ဟာ လက်ကိုင်ရိုးမှာ စိန်စီချယ်သထားသလောက် သံသားထည်ညံတဲ့ဓားတလက်နဲ့တူပါတယ်။ ဓားတလက်မှာ အသွားထက်ခြင်းကသာ အရေးပါတာဖြစ်လို့ အသွားဖောက်ရတဲ့သံကိုယ်ထည်ညံနေရင် ဘာမှအဓိပ္ပါယ်မရှိတော့ပါဘူး။
တရုတ်ရဲ့စိန်စီလက်ကိုင်ရိုး
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ မှာ”တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ လူ့အခွင့်အရေးကိုလေးစားပြီး အကာအကွယ်ပေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဥပဒေတွေက သတ်မှတ်ပေးတဲ့အခွင့်အရေးကို နိုင်ငံသားတိုင်းခံစားနိုင်တယ်။”လို့ ဖော်ပြထားပါတယ်။
အဲဒီဥပဒေပုဒ်မ ၃၃ မှာ”တရုတ်ပြည်သူ့သမ္မတနိုင်ငံသားအဖြစ်ခံယူထားတဲ့ ဘယ်သူမဆို (မဲသည်၊ဝါသည်၊ဖြူသည်၊ ညိုသည်ဖြစ်စေ၊ဘယ်သူပဲဖြစ်ဖြစ်) တရုတ်နိုင်ငံသားဖြစ်တယ်။”လို့ ဆိုထားပါတယ်။
နောက်ပြီးပုဒ်မ ၃၄ မှာ”ဘယ်တရုတ်နိုင်ငံသားမဆို အသက် ၁၈ နှစ်ပြည့်ပြီးတာနဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ယောက်ျား၊မိန်းမပဲဖြစ်ဖြစ်၊ ဘယ်အလုပ်အကိုင်ပဲလုပ်လုပ်၊ ဘယ်မိသားစုအဆင်အတန်းကပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ်တာဖြစ်ဖြစ်၊ပညာအဆင်အတန်းဘယ် လိုပဲရှိရှိ၊ ပစ္စည်းဥစ္စာကြွယ်ဝသည်ဖြစ်စေမကြွယ်ဝသည်ဖြစ်စေ၊ တရုတ်နိုင်ငံအတွင်း ဘယ်၍ဘယ်မျှနေထိုင်သည်ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ၊ မဲပေးခွင့်ရှိတယ်။ ရွေးကောက်ပွဲဝင်ခွင့်ရှိတယ်။ ဥပဒေအရပေးထားတဲ့နိုင်ငံရေးအခွင့်အရေးကိုရယူခွင့်ရှိတယ်။”လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၃၅ မှာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသားတိုင်းဟာ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားဖြန့်ချီခွင့်၊ စုဝေးခွင့်၊ မိမိခံစားချက်ကို ဖော်ပြခွင့် ရှိတယ်။”လို့ ဖော်ပြထားပါတယ်။
ပုဒ်မ ၃၆ က တရုတ်နိုင်ငံသားတိုင်းဟာ ဘာသာရေးအပေါ် လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်။ ဘယ်ဘာသာကိုမှ မယုံကြည်ခွင့်လည်းရှိတယ်။ ဘာသာရေးယုံကြည်တာ၊ မယုံကြည်တာကိုလိုက်ပြီး ခွဲခြားဆက်ဆံမှုကို မပြုရဘူး။ ဘာသာရေးအရ သာမန်ထုံးထမ်းအစဉ်အလာတွေကို ခွင့်ပြုတယ်။ ဒါပေမယ့် အဲဒီအစဉ်အလာတွေဟာ တရားဥပဒေစိုးမိုးရေး၊ လူအများရဲ့ကျန်းမာရေး၊ ပညာရေးကိုမထိခိုက်စေရဘူး။ ဘာသာရေးအုပ်စုတွေဟာ ပြည်ပကထိန်းချုပ်ခံ အဖွဲ့တွေမဖြစ်စေရဘူး။ ပြီးရင် လူ့တယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို ဥပဒေအရတရားနည်းလမ်းမကျဘဲ ကန့်သတ်ပိတ်ပင်တားဆီးခွင့်မရှိဘူး။ လူတယောက်ကို ဥပဒေဆိုင်ရာတရားနည်းလမ်းကျမှုမရှိဘဲ ဖမ်းဆီးခွင့်မရှိဘူး။” လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၃၈ မှာ နိုင်ငံသားတွေရဲ့ လူ့ဂုဏ်သိက္ခာကို ဘယ်သူမှချိုးဖျက်ခွင့်မရှိဘူး။ နိုင်ငံသားတယောက်ဟာ စော်ကားခံရမှု၊ အသရေဖျက်ခံရမှု၊ မဟုတ်တရားစွပ်စွဲခံရမှုတွေ မရှိစေရဘူး။”လို့ ပြဋ္ဌာန်းထားပါတယ်။
မြောက်ကိုးရီးယားရဲ့စိန်စီလက်ကိုင်ရိုး
မြောက်ကိုးရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄ မှာ “မြောက်ကိုးရီးယား (DPRK)ရဲ့ အချုပ်အခြာအာဏာဟာ အလုပ်သမား၊လယ်သမား၊ ပညာတတ်အလုပ်သမားနဲ့ အလုပ်လုပ်နေတဲ့လူထုတွေဆီမှာ တည်ရှိတယ်။ အလုပ်လုပ်နေတဲ့လူထုဟာ သူတို့ရဲ့စီမံခန့်ခွဲမှုအာဏာကို အမြင့်ဆုံးလူထုညီလာခံနဲ့ ဒေသဆိုင်ရာလူထုညီလာခံတွေဆီ သူတို့ကိုကိုယ်စားပြုသူတွေကတဆင့် ပေးထားတယ် ။”လို့ ဆိုထားပါတယ်။
ပုဒ်မ ၆ မှာ နိုင်ငံရဲ့ အလွှာအသီးသီးက အာဏာအင်္ဂါရပ်အစိတ်အပိုင်းအားလုံးဟာ လူထုရဲ့ ညီမျှလွတ်လပ်တဲ့တိုက်ရိုက်မဲပေးစနစ်နဲ့တည်ဆောက်ထားတယ် ။”လို့ဆိုပါတယ်။
အဲဒီလိုမဲပေးစနစ်နဲ့ရွေးချယ်ခံထားရတဲ့”ကိုယ်စားလှယ်တွေဟာ မိမိရဲမဲဆန္ဒနယ်နဲ့လူထုကို တာဝန်ခံရမယ်။ အလုပ်အကျွေးပြုရမယ်။ လူထုမကြေနပ်ရင် မိမိရွေးချယ်ထားတဲ့ကိုယ်စားလှယ်ကို ဖြုတ်ချခွင့်ရှိတယ်။”လို ပုဒ်မ ၇ က ဆိုထားပါသေးတယ်။
ပုဒ်မ ၆၄ မှာ”နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုပိုင်း၊ ရုပ်ဝတ္ထုပိုင်းတွေရဲ့ လွတ်လပ်ခွင့်ကို မြောက်ကိုးရီးယားနိုင်ငံက အာမခံတယ်။ အဲဒီလွတ်လပ်ခွင့်တွေဟာ မြောက်ကိုးရီးယားရဲ့လူမှုစနစ်ခိုင်မာတိုးတက်ဖို့အတွက် ဖြစ်စေရမယ်။ ”လို့ဆိုထားပါတယ်။
ပုဒ်မ ၆၅ မှာ ”နိုင်ငံသားတိုင်းဟာ နိုင်ငံရေးရာကိစ္စရပ်တွေနဲ့ လူထုဆိုင်ရာဆောင်ရွက်ခွင့်တွေမှာ တန်းတူအခွင့်အရေး ရှိတယ်။”လို့ ဆိုပါတယ်။
ပုဒ်မ ၆၆ မှာ ”မြောက်ကိုးရီးယားရဲ့ ဘယ်သူမဆို အသက် ၁၇ ပြည့်ပြီးရင် ရွေးကောက်ခံခွင့်၊ မဲပေးခွင့်ရှိတယ်။ ဒီအခွင့်အရေးကို သူဟာ အထီးဖြစ်ဖြစ်၊ အမဖြစ်ဖြစ်၊ ဘယ်အလုပ်ပဲလုပ်လုပ်၊ နိုင်ငံအတွင်းမှာ ဘယ်လောက်ပဲနေနေ၊ ပစ္စည်းဥစ္စာပိုင်ပိုင်၊ မပိုင်ပိုင်၊ ပညာအရည်အချင်းရှိရှိ၊ မရှိရှိ၊ နိုင်ငံရေးအမြင်ဘယ်လိုပဲရှိရှိ၊ ဘယ်သာသာကိုပဲ ယုံကြည်ယုံကြည် ရပိုင်ခွင့်ရှိတယ်။ တကယ်လို့ တရားရုံးက ဥပဒေအရတရားနည်းလမ်းတကျစစ်ဆေးလို့ အရည်အချင်းပျက်ကွက်နေမှသာ အဆိုပါအခွင့်အရေးတွေကို ရုတ်သိမ်းခွင့်ရှိတယ်။”လို့ပြောထားပါတယ်။
မြောက်ကိုးရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၇ မှာ”မြောက်ကိုးရီးယားနိုင်ငံသားတွေမှာလွတ်လပ်စွာ ပြောကြားဖော်ထုတ်ခွင့်၊ စုဝေးခွင့်တွေရှိတယ်။ ဒီမိုကရက်နိုင်ငံရေးပါတီတွေ လူမှုအသင်းအဖွဲ့တွေရဲ့ လွတ်လပ်ခွင့်ကို အာမခံတယ်။”လို့ ဆိုထားပါတယ်။
ပုဒ်မ ၆၈ က “ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံတယ်။ ဘာသာရေးအဆောက်အအုံတွေ အခမ်းအနားတွေပြုလုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ဘာသာရေးအဖွဲ့တွေဟာ နိုင်ငံခြားရဲ့ဩဇာခံမဖြစ်ရဘူး။ တခြားသူတွေကို မထိခိုက်စေရဘူး။တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေရဘူး။”လို့ ပြဋ္ဌာန်းထားပါတယ်။
လာအိုရဲ့စိန်စီလက်ကိုင်ရိုး
လာအိုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ မှာ “လာအိုဟာပြည်သူ့ဒီမိုကရေစီနိုင် ငံဖြစ်တယ်။ လာအိုရဲ့ အာဏာအားလုံးဟာ ပြည်သူ့တွေပိုင်တယ်။ ပြည်သူတွေကသာအကောင်အထည်ဖော်ရမယ်။ အလုပ်သမား၊ လယ်သမား၊ ပညာတတ်တွေပါဝင်နေတဲ့ လူမျိုးစုတွေရဲ့အကျိုးစီးပွားအတွက်ဖြစ်စေရမယ်။”လို့ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ(၄)မှာ ပြည်သူတွေဟာ မိမိတို့အခွင့်အရေး၊ အာဏာနဲ့အကျိုးအမြတ်တွေကို အကောင်အထည်ဖော်ဖို့အတွက် အမျိုးသားညီလာခံနဲ့ဒေသန္တရ ပြည်သူ့ညီလာခံတွေအတွက် ကိုယ်စားလှယ်တွေကို ရွေးပေးရမယ်။မဲပေးတဲ့စနစ်ဟာ တရားမျှတပြီး တိုက်ရိုက်လျို့ဝှက်မပေးစနစ်ဖြစ်တယ်။လူထုဟာမိမိအကျိုးစီးပွားနဲ့မအပ်စပ်တဲ့အခါ မိမိကိုယ်စားလှယ်ကို ဖြုတ်ချခွင့်ရှိတယ်။”လို့ ဆိုထားပါတယ်။
ပုဒ်မ(၆)မှာ”လာအိုဟာ ပြည်သူ့တွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အကာအကွယ်ပေးမှာဖြစ်ပြီး အဲဒီအခွင့်အရေးဟာ ဘယ်သူကမှ ချိုးဖျက်ခွင့်မရှိတဲ့အချက်ဖြစ်တယ်။ လာအိုရဲ့ အာဏာအစိတ်အပိုင်းအသီးသီးရဲ့ဆောင်ရွက်ချက်တွေဟာ လူထုရဲ့တရားဝင်အခွင့်အရေးနဲ့အကျိုးစီးပွားအတွက်ပဲ ဖြစ်စေရမယ်။ ပြည်သူလူထုရဲ့ဂုဏ်သိက္ခာ၊ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှု၊ဘဝရှင်သန်မှု၊စိတ်ချမ်း မြေ့မှု၊ကြွယ်ဝမှုတွေကိုထိခိုက်စေတဲ့ အာဏာဖြစ်စဉ်တွေကို ပိတ်ပင်ကန့်သတ်တယ်။”လို့ ဆိုပါတယ်။
ပုဒ်မ(၇)မှာ လာအိုအမျိုးသားတည် ဆောက်ရေးတပ်ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကုန်သည်အဖွဲ့၊ လာအိုတော်လှန်ရေးလူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့တွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေဟာ လူမျိုးစုတွေရဲ့ညီညွတ်မှု၊ လက်လှမ်းမှီမှုနဲ့ ဖွဲ့စည်းထားတယ်။ တိုင်းပြည်တည်ဆောက်ရေးအတွက် လုပ်ငန်းခွင်များလည်းဖြစ်တယ်။ လူထုရဲ့ကိုယ်ကံကြမ္မာကိုယ်ဖန်တီးမှုကို ကာကွယ်ဖို့လည်းဖြစ်တယ်။အဲဒီအဖွဲ့အစည်းနဲ့အဖွဲ့ဝင်တွေရဲ့ အခွင့်အရေးကိုကာကွယ်ဖို့လည်းဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေဟာ အမျိုးသားညီလာခံ၊ ဒေသန္တရညီလာခံနဲ့ အဲဒီညီလာခံအဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တိုင်းကိုစောင့်ကြည့်ဖို့တာဝန်ရှိတယ်။”လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ(၈)က”လူမျိုးစုတွေဟာ တန်းတူညီမျှမှုရှိတယ်။ လူမျိုးစုများဟာ မိမိတို့လူမျိုးစုအနွယ်နဲ့ လူမျိုးနိုင်ငံသားဖြစ်မှုရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ကျင့်သုံးခွင့်ထိန်းသိမ်းကာကွယ်ခွင့်ရှိတယ်။ လူမျိုးစုကြားမှာခွဲခြားဆက်ဆံမှုနဲ့ စိတ်ဝမ်းကွဲအောင်လုပ်မှုတွေကိုပိတ်ပင်တယ်။ လူမျိုးစုတွေရဲ့ လူမှုစီးပွားဘဝတိုးတက်မှုတွေကို အကောင်အထည်ဖော်ရမယ်။”လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ(၉)က ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားချက်ဖြစ်ပြီး ပုဒ်မ (၃၄) က လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို တန်းတူညီမျှရှိဖို့ပြောထားပါတယ်။
ပုဒ်မ(၃၅)က ဥပဒေရှေ့မှောက်မှာလူတိုင်းဟာ(ဘယ်လိုလိင်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုရာထူးရာခံလူမှုအဆင့်အတန်းပဲရှိရှိ၊ပညာတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေ၊ဘယ်လို ဘာသာရေးနိုင်ငံရေးခံယူချက်ရှိသည်ဖြစ်စေ၊ ဘယ်လိုလူမျိုးစုဖြစ်သည်ဖြစ်စေ)တန်းတူညီမျှ တရားမျှတမှုကိုရရှိခွင့်ရှိတယ်။”လို့ ဆိုပါတယ်။
ပုဒ်မ(၄၄)က လာအိုနိုင်ငံသားတိုင်းဟာ သူတို့ရဲ့အသက်၊ဘဝ၊ခန္ဓာ၊ဂုဏ်သိက္ခာနဲ့ပိုင်ဆိုင်မှုကို ကာကွယ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေကြောင်းအရ တရားနည်းလမ်းကျတဲ့အကြောင်းပြချက်ကို အခြေခံတဲ့တရားရုံး သို့မဟုတ် ပြည်သူ့ဆိုင်ရာစွဲချက်တွေမရှိဘဲနဲ့ အဲဒီအချက်တွေကို မျက်ကွယ်ပြုပြီး ဖမ်းဆီးထိန်းသိမ်းခွင့်မရှိဘူး။”လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ(၄၄)”လာအို ပြည်သူ့တိုင်းမှာ ဥပဒေနဲ့အညီလွတ်လပ်စွာ ထုတ်ပြောပြောဆိုခွင့်၊ဖော်ပြခွင့်၊စုဝေးလှုပ်ရှားခွင့်၊ဆန္ဒပြခွင့်ရှိတယ်။”လို့ ပြဋ္ဌာန်းထားပါတယ်။
မရသောပေးခြင်း
တရုတ်၊ မြောက်ကိုးရီးယား၊ လာအိုစတဲ့တပါတီပုံစံဖြစ်နေတဲ့ နိုင်ငံတွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ရင် “နိုင်ငံ့အာဏာရဲ့မူလပိုင်ရှင်ဟာ ပြည်သူဆိုတဲ့ပြဋ္ဌာန်းချက်တွေ၊ပြည်သူတွေရဲ့ဒီမိုကရေစီ၊လွတ်လပ်ခွင့်၊လူ့အခွင့်အရေးတွေကို အာမခံချက်တွေ၊ညီမျှခြင်း၊တရားမျှတခြင်း၊တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို ရွှန်းရွှန်းဝေအောင်ဖော်ပြထားတာကို တွေ့ရမှာပါ။ အမှန်က ဒီအချက်တွေဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ရှေ့တန်းတင်ထားတဲ့အနောက်ဥရောပနိုင်ငံတွေရဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေတွေထဲမှာလည်း ပါနေတဲ့အချက်တွေပါ။
အဲဒီအချက်တွေကို ပေးထားပါတယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာမခံပေးထားတာချင်းတူပေမယ့် တကယ့်လက်တွေ့ဘဝမှာ လူထုဟာအမှန်တကယ်ခံစားခွင့်ရမရဆိုတဲ့အချက်က ကွာခြားလာပါတယ်။
တရုတ်၊မြောက်ကိုးရီးယားနဲ့လာအိုမှာဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အနောက်ဥရောပနိုင်ငံတွေလောက်မရကြဘူးဆိုတာ လူတိုင်းသိပါတယ်။
ဒီမိုကရေစီ၊လွတ်လပ်ခွင့်နဲ့တရားမျှတခြင်းဆိုတဲ့လောကပါလတရားတွေကို ဖော်ပြထားပေမယ့် လူထုခံစားခွင့်မရတဲ့အခါ ဒါဟာ”လက်ကိုင်ရိုးလောက်မှာပဲစိန်စီချယ်ထားပြီး သံသားညံတဲ့အသွားမကောင်းတဲ့ ဓားတလက်”ပဲ ဖြစ်သွားပါတော့တယ်။
လူမြင်ကောင်းအောင်ရေးထားတာကလွှဲပြီး အပြင်လက်တွေ့မှာဘာမှသုံးစားလို့မရဘူးဆိုတဲ့သဘောပါ။
အဲဒီတော့မေးခွန်းတခုက ပေါ်လာပါတယ်။”ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေါ်တင်ပြဋ္ဌာန်းထားပါရက်နဲ့ မြေပြင်မှာဘာကြောင့် အကျိုးမခံစားရတာလဲ။”
အဖြေက ရိုးရှင်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘယ်လောက်ပဲရေး ရေး အာဏာကိုတခုတဖွဲ့ သို့မဟုတ် တဦးတယောက်တည်းဆီမှာပဲထားလိုက်တဲ့အခါ လူထုဟာသူတို့ရဲ့ တရားဝင်ရပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတွေဆုံးရှုံးသွားရတာပါပဲ။
ဗြိတိသျှသမိုင်းပညာရှင်၊နိုင်ငံရေးသမားလောဒ့်အက်တွန်( Lord Acton) ပြောခဲ့သလို ”အကြွင်းမဲ့အာဏာဟာ လူကိုအကြွင်းမဲ့ပျက်စီးစေတယ်။”ဆိုတာပါပဲ။
ရယ်စရာကောင်းတာက တရုတ်ပဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားဖြစ်ဖြစ်၊ လာအိုပဲဖြစ်ဖြစ်တပါတီစနစ်နဲ့သွားမယ်။ တခြားပါတီတွေမလိုအပ်ဘူးဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒဲ့မရေးထားပါဘူး။
တရုတ်မှာဆိုရင် သူရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၁)မှာ”ဆိုရှယ်လစ်စနစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အခြေခံစနစ်ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုဟာ တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ်ရဲ့ အဓိကအင်္ဂါရပ်ဖြစ်တယ်။”လို့ပဲ ရေးထားတာပါ။
မြောက်ကိုးရီးယားမှာရင်လည်း သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၁၁)ထဲမှာ ” ကိုးရီးယားအလုပ်သမားပါတီရဲ့ ဦးဆောင်မှုအောက်မှာမြောက်ကိုးရီးယားရဲ့အရာခပ်သိမ်းကို ဆောင်ရွက်တယ်။” လို့ပဲရေးထားပါတယ်။
လာအိုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃)မှာ”နိုင်ငံရဲ့အရှင်သခင်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူတွေရဲ့ အခွင့်အရေးတွေကို လာအိုပြည်သူ့တော်လှန်ရေးပါတီက ဦးဆောင်တည်ဆောက်တယ်။”လို့ပဲ ရေးထားပါတယ်။
အဲဒီနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တပါတီစနစ်သာထားရမယ်လို့ ဒဲ့ပေါ်တင်ရေးခြင်းထက်နားလည့်ပါးရိုက်လုပ်ထားတဲ့”စနစ်အပေါ် ဦးဆောင်သူ”ဆိုတဲ့သဘောမျိုးပဲရေးထားတာပါ။
စနစ်အပေါ် ဦးဆောင်သူလား၊ ရာသက်ပန်နိုင်ငံရေးတင်ဒါလေလံအောင်သူလား
မြောက်ကိုးရီးယားရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၇ မှာဆိုရင်”ဒီမိုကရက်နိုင်ငံရေးပါတီများရဲ့ လွတ်လပ်ခွင့်ကို အာမခံတယ်။”လို့တောင် ခပ်တည်တည်ရေးထားပါသေးတယ်။
တရုတ်မှာဆိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနိဒန်းပိုင်းတွေမှာ ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနောက်ရှိ”တခြားနိုင်ငံရေးပါတီများ”ဆိုပြီး ကွန်မြူနစ်ပါတီမဟုတ်တဲ့ တခြားပါတီတွေဟာ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိနေသလိုမျိုးတောင်ရေးထားပါတယ်။
တရုတ်မှာ လက်ရှိကွန်မြူနစ်ပါတီတွေအပြင် တခြားနိုင်ငံရေးပါတီရှစ်ခုရှိပါတယ်။
ဒါပေမယ့် အဲဒီပါတီတွေဟာ ဆိုရှယ်လစ်စနစ်ကို သစ္စာမဖောက်ရဘူးလို့ဆိုထားပါတယ်။
အဲဒီဆိုရှယ်လစ်စနစ်ကို သစ္စာမဖောက်ရဘူးဆိုတဲ့ အဓိပ္ပါယ်ဟာ”ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနောက်ကလိုက်ရမယ် ။”ဆိုတဲ့သဘောပါပဲ။
အဲဒီတော့ လူမှုအသိုင်းအဝန်းထဲမှာ ဒီမိုကရေစီစံနှုန်းတွေကင်းမဲ့လာပါတော့တယ်။
တပါတီစနစ်မှာ ပြည်သူတွေဟာမိမိတို့ကြိုက်နှစ်သက်တဲ့ ခေါင်းဆောင် ဒါမှမဟုတ် မူဝါဒကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်မရှိပါဘူး။
ရွေးကောက်ပွဲဆိုတာရှိခဲ့ရင်တောင် ဒါဟာဟန်ပြသဘောသာဖြစ်တတ်ပြီး ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်လေ့မရှိသလို အခြေခံလူ့အခွင့်အရေးတွေလည်း ထိခိုက်လာပါတယ်။
ပါတီရဲ့သဘောထားနဲ့ကွဲလွဲသူတွေကို “ရန်သူ”လို့သတ်မှတ်ပြီး နှိပ်ကွပ်လေ့ရှိပြီး လွတ်လပ်စွာပြောဆိုခွင့်ဆိုတာလည်းမရှိတော့ပါဘူး။
အစိုးရရဲ့အမှားကို ဝေဖန်ထောက်ပြရင် ဖမ်းဆီးအရေးယူခံရပြီး သတင်းလွတ်လပ်ခွင့်ပိတ်ဆို့ထားပါတယ်။
သတင်းမီဒီယာတွေကို ပါတီကသာထိန်းချုပ်ထားတဲ့အခါ ပြည်သူတွေဟာအမှန်တရားကိုမသိရဘဲ ဝါဒဖြန့်ချိရေး (Propaganda)တွေကိုပဲ ကြားကြရပါတယ်။
တပါတီစနစ်မှာ အတိုက်အခံနဲ့ပြိုင်ဆိုင်မှုမရှိတဲ့အတွက် ပါတီဟာမိမိကိုယ်မိမိပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် ခေတ်နဲ့အညီဆန်းသစ်ဖို့ စိတ်အားထက်သန်မှုနည်းပါးသွားတတ်ပါတယ်။
ဒါဟာ ရေရှည်မှာနိုင်ငံ့စီးပွားရေးနဲ့ နည်းပညာတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး အာဏာအလွှဲသုံးစားလုပ်မှုတွေ၊အဂတိလိုက်စားမှုတွေဟာ ရှိလာပါတယ်။
အာဏာပိုင်တွေဟာ ဥပဒေအထက်ကိုရောက်လာပြီး နိုင်ငံတော်ဘဏ္ဍာနဲ့အရင်းအမြစ်တွေကို မိမိတို့အကျိုးအမြတ်အတွက် အလွယ်တကူအသုံးပြုတတ်ကြပါတယ်။
ဘက်လိုက်မှုနဲ့ဆွေမျိုးကောင်းစားရေး (Nepotism)တွေ ပေါများလာတတ်ပါတယ်။
အဲဒီလိုနဲ့သူတို့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖော်ပြထားတဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကင်းမဲ့သွားပါတော့တယ်။










