Border News Agency
အီရန်၊ဧပြီ ၁၅။
အီရန်နိုင်ငံကို စီးပွားရေးအရအကျပ်ကိုင်ဖို့အတွက် အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေဆီဦးတည်နေတဲ့ ရေနံတင်သင်္ဘော ၈ စီးကို တားဆီးပြီး လှည့်ပြန်ခိုင်းလိုက်တယ်လို့ Wall Street Journal သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီပိတ်ဆို့မှုစတင်ပြီး ၂၄ နာရီအတွင်း ကုန်တင်သင်္ဘော ၆ စီးဟာ အမေရိကန်ရေတပ်ရဲ့ အမိန့်ကိုလိုက်နာပြီး အိုမန်ပင်လယ်ကွေ့ဘက်ကို ပြန်လှည့်သွားခဲ့တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်ကဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ အီရန်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ သင်္ဘောတွေကိုပဲ ပစ်မှတ်ထားတာဖြစ်ပြီး တခြားနိုင်ငံသွားသင်္ဘောတွေကိုတော့ ပုံမှန်အတိုင်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။
အခုလိုပင်လယ်ပြင်ပိတ်ဆို့မှု လုပ်ဆောင်ရတာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ပါကစ္စတန်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားခဲ့တာကြောင့်ဖြစ်ပါတယ်။
အမေရိကန်ဘက်ကတော့ အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်လာစေဖို့ ဒီနည်းလမ်းနဲ့ ဖိအားပေးနေတာပါ။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတစီးချင်းစီအပေါ် အီရန်ဘက်က ဒေါ်လာ ၁ သန်းအထိ အဆမတန် အခွန်ကောက်ခံနေတာကို ရပ်တန့်ဖို့လည်း အမေရိကန်ကလိုလားနေပါတယ်။
ထရမ့်အစိုးရဟာ အီရန်ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပြီး အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကပဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ခုအချိန်အထိတော့ အမေရိကန်ရေတပ်နဲ့ သင်္ဘောတွေကြား ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုမျိုး မရှိသေးဘဲ သင်္ဘောအများစုက အမေရိကန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာနေကြပါတယ်။
အမေရိကန်ရေတပ်ကတော့ အီရန်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဆက်လက်စောင့်ကြည့်ပိတ်ဆို့သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။






