Border News Agency
တာချီလိတ်၊ မေ ၃၁။
တာချီလိတ်မြို့နယ်မှာ တရက်တည်းတင် ကျပ် ၁ ဒသမ ၇ ဘီလီယံနီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မေလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစန်းလုကျေးရွာမှာရှိတဲ့ နေအိမ်တအိမ်ကို မေလ ၃၀ ရက်၊ ညနေပိုင်းမှာ ရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေချိန် အိမ်ရှင်ဖြစ်သူ လော်ဂေါ်ကို မတွေ့ရဘဲ ဇနီးဖြစ်သူမီတီးကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနေအိမ်ထဲကနေ စိတ်ကြွဆေးပြား ၃၂ သိန်းခန့်၊ အိုက်စ် ၄၄ ကီလိုခန့်၊ ဘိန်း ၃ ကီလိုခန့်နဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီပစ္စည်းတွေရဲ့ စုစုပေါင်း ကာလတန်ဖိုးကတော့ ငွေကျပ် ၁ ဒသမ ၆၆ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မေလ ၃၀ ရက်၊ နေ့လည်အချိန်ကလည်း လွယ်တော်ခမ်းဂိတ်မှာ မိုင်းဆတ်ဘက်ကနေမောင်းနှင်လာပြီး ထွက်ပြေးသွားတဲ့ဆိုင်ကယ်တစီးဆီက ကျောပိုးအိတ်တလုံးကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောပိုးအိတ်ထဲကနေ ဒေသပေါက်ဈေး ကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူမီတီးကို အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ လော်ဂေါ်နဲ့ ဆိုင်ကယ်မောင်းနှင်သူတို့ကို ဖမ်းဆီးရမိဖို့ ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။



