Border News Agency
အိန္ဒိယ၊ မေ ၃၁။
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလ ၃၁ ရက်၊ ဒီနေ့မနက်ပိုင်းက နယူးဒေလီမြို့မှာရှိတဲ့ Taj Mahal ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။
အဲဒီဆွေးနွေးပွဲကို မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက်ကုမ္ပဏီတွေက အမှုဆောင်အရာရှိချုပ် (CEO) တွေ အပါအဝင်စီးပွားရေးလုပ်ငန်းရှင် အများအပြားတက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြတဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို စစ်ခေါင်းဆောင်နဲ့အတူ သူ့ရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးတို့အပြင် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။


















