Border News Agency
နေပြည်တော်၊ ဧပြီ ၁၉။
မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က ဧပြီလ ၁၇ ရက်၊ မနေ့ကတိုက်တွန်းလိုက်ပါတယ်။
”နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရသူအားလုံးကို ကန့်သတ်ချက်မရှိ၊အချိန်မဆိုင်းဘဲ ချက်ချင်းလွှတ်ပေးရမယ်”လို့ Volker Turk က ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာတာဟာ အတော်လေးနောက်ကျနေပြီဖြစ်ပေမယ့် မိသားစုနဲ့ပြန်ဆုံရတဲ့အတွက် ဝမ်းမြောက်မိကြောင်းနဲ့ သေဒဏ်ပေးခံထားရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကိုလည်း ကြိုဆိုတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း မတရားဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ဖို့အတွက် အဓိပ္ပာယ်ရှိတဲ့ ကြိုးပမ်းမှုတွေလိုအပ်နေပြီလို့သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကတဆင့်လည်း ပြောကြားခဲ့ပါတယ်။
လက်တွေ့ကျတဲ့ နိုင်ငံရေးဖြေရှင်းမှုတွေရရှိဖို့ဆိုရင် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရမှာဖြစ်သလို မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့နိုင်ငံရေးအခွင့်အရေးတွေကို လွတ်လပ်ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်မယ့်ပတ်ဝန်းကျင်မျိုးရှိဖို့ လိုအပ်တယ်လို့ဆိုပါတယ်။






