Border News Agency
အီရန်၊ ဧပြီ ၁၉။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ ကုန်တင်သင်္ဘော အနည်းဆုံး ၂ စီးဟာ ဧပြီလ ၁၈ ရက်၊မနေ့ကသေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရေကြောင်းလုံခြုံရေးနဲ့ သင်္ဘောလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ဘက်က ရေလက်ကြားကို ပြန်ပိတ်လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက်မှာ ခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး သင်္ဘောတွေပေါ်မှာ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
အီရန်ရေတပ်က ရေလက်ကြားကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ သင်္ဘောတွေကို အသိပေးထားပြီး ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ကုန်သွယ်ရေးသင်္ဘောအချို့ဟာ လမ်းကြောင်းပြောင်းတာ ဒါမှမဟုတ် နောက်ပြန်လှည့်တာတွေ လုပ်ဆောင်နေကြပါတယ်။
ဒီပစ်ခတ်မှုဟာ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကို မရုပ်သိမ်းမချင်း ရေလက်ကြားကို ဖွင့်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အဓိကကျတဲ့ လမ်းကြောင်းဖြစ်တာကြောင့် ခုလို ပစ်ခတ်မှုတွေရှိနေတာဟာ နိုင်ငံတကာ ရေကြောင်းကုန်သွယ်ရေးအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာစေပါတယ်။






