Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၅။
အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာပြီးနောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးအလင်းဝင်ရောက်လာသူလေးထောင်ကျော်ရှိတယ်လို့ စစ်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Times Magazine နဲ့တွေ့ဆုံမေးမြန်းမှုမှာ စစ်တပ်က အာဏာရယူထားတဲ့ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းစဉ် အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
”ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ရက်ပေါင်းတရာအတွင်းမှာ ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်တာလာပါတယ်။ တချို့လည်း လာကြပါတယ်။ အလင်းဝင်တဲ့လူလေးထောင်ကျော်လောက်ရှိတယ်။” လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီအလင်းဝင်ရောက်လာသူအများစုမှာ လူငယ်တွေဖြစ်ကြပြီး တိုင်းရင်းသားဒေသအချို့ရှိ လူငယ်တွေအနေနဲ့ ပညာရေး အားနည်းချက်တွေကြောင့် နိုင်ငံရေးသမားတွေနဲ့ခေါင်းဆောင်အချို့ရဲ့ စည်းရုံးသိမ်းသွင်းမှုအောက် ရောက်ရှိသွားခဲ့တာလို့လည်း သူကဆိုပါတယ်။
”တကယ်တော့ လူငယ်တွေဟာ လက်နက်ကိုင်ဖို့ မဟုတ်ဘူး။ပညာသင်ရမယ့် အရွယ်၊ ပညာမသင်နိုင်ဘဲလက်နက်ကိုင် လမ်းစဉ်ကို သွားနေကြတာ မှားနေတယ်။” လို့ စစ်ခေါင်းဆောင်က ဆက်လက်ပြောဆိုခဲ့တာပါ။
ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်အမှားကို သိရှိအောင်ဆောင်ရွက်ပေးနေသလို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေကိုလည်း ပြုလုပ်ထားပြီးအုပ်ချုပ်တဲ့ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။
ဒါပေမယ့်မြေပြင်မှာတော့ အာဏာသိမ်းစစ်သားအချို့နဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားဟာ သူတို့ရဲ့ အမိန့်ပေးအုပ်ချုပ်မှုအောက်ကနေ စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံတာနဲ့ CDM ပြုလုပ်တာတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
အဲဒီအပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေနယ်နိမိတ်ပိုမိုကျယ်ပြန့်လာနေပြီး အာဏာသိမ်းစစ်တပ်ဘက်က နယ်မြေအများအပြားကိုလက်လွတ်ထားရတာကြောင့် စစ်ရေးအရအရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေကဆိုကြပါတယ်။






