Border News Agency
စင်ကာပူ၊နိုဝင်ဘာ ၉။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ PJ အမျိုးအစားပတ်စပို့ သက်တမ်းတိုးရာမှာဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရမယ့်အပြင် မိသားစုလွှဲငွေ အနီးစပ်ဆုံး သုံး လစာလွှဲပို့ထားတဲ့ အထောက်အထားပါ ပူးတွဲပြသရမယ်လို့ စင်ကာပူမြို့ရှိ အာဏာသိမ်းစစ်တပ် မြန်မာသံရုံးက နိုဝင်ဘာလ ၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစည်းကမ်းသစ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး PJ သက်တမ်းတိုးသူတွေနဲ့ အခြား ပတ်စပို့အမျိုးအစားမှ PJ သို့ ပြောင်းလဲသက်တမ်းတိုးမယ့်သူတွေ ပါဝင်ဆောင်ရွက်ရမှာဖြစ်ပြီး တရားဝင်လိုင်စင်ရ ငွေလွှဲလုပ်ငန်းတွေကတဆင့် လွှဲပို့ထားတဲ့ အထောက်အထားတွေကို သက်သေပြရမှာ ဖြစ်ပါတယ်။
လွှဲငွေအထောက်အထားပြသရာမှာ DBS နဲ့ OCBC Remittance ဘဏ်တွေ အပါအဝင် Western Union ၊ Ria Money Transfer စတဲ့ တရားဝင် ငွေလွှဲဘဏ်တွေနဲ့ အပလီကေးရှင်းတွေကတဆင့် လွှဲပို့ထားတဲ့ စာရွက်စာတမ်းတွေကိုပဲ လက်ခံစစ်ဆေးသွားမယ်လို့ ဖော်ပြထားတာပါ။
အဲဒီအပြင် အလုပ်လုပ်ကိုင်နေတဲ့ ဗီဇာအမျိုးအစားအလိုက် တလကို အခြေခံလုပ်ခလစာရဲ့ နှစ်ဆယ့်ငါး ရာခိုင်နှုန်းနှုန်းနဲ့ သုံး လစာ လွှဲပို့ထားရမှာဖြစ်ပြီး ငွေလွှဲလက်ခံသူရဲ့ အချက်
အလက်တွေကို တင်းကြပ်စွာ စစ်ဆေးသွားမှာဖြစ်ကာ စာရွက်စာတမ်း အတုပြုလုပ်ရင် သက်တမ်းတိုးပေးမှာမဟုတ်ဘူးလို့သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်ပရောက် မြန်မာလုပ်သားတွေဆီမှ အခွန်အခတွေနဲ့ နိုင်ငံခြားငွေတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ ကောက်ခံနိုင်ဖို့ ခုလိုစည်းကမ်းချက်တွေ တိုးမြှင့် သတ်မှတ်လာတာ ဖြစ်ပါတယ်။





