Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၂၅။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဆောင်ရွက်နေတဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်ကိုသုံးပြီး Facebook နဲ့ TikTok စတဲ့ လူမှုကွန်ရက်တွေကနေ ငွေကြေးလိမ်လည်ဖို့ ကြိုးပမ်းတာတွေ ရှိနေလို့ အထူးဂရုပြုကြဖို့ သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဦးစီးဌာနရဲ့ ရုံးပုံတွေ၊ Logo တွေနဲ့ ဝန်ထမ်းတွေ ကျေးရွာမှာ ရန်ပုံငွေ ထုတ်ချေးနေတဲ့ မှတ်တမ်းပုံတွေကို Photoshop နဲ့ ပြုပြင်ကာ လူမှုကွန်ရက်အကောင့်အချို့ကနေ ငွေကြေးလိမ်လည်ဖို့လုပ်ဆောင်နေတာကို စိစစ်တွေ့ရှိခဲ့ရတာပါ။
မြစိမ်းရောင်ကျေးရွာစီမံကိန်းဟာ ကျေးလက်နေပြည်သူတွေရဲ့ မိသားစုဝင်ငွေတိုးပွားရေးနဲ့ ဆင်းရဲမှုနှုန်းလျှော့ချရေးအတွက် ဆောင်ရွက်ပေးနေတာဖြစ်ပြီး စီမံကိန်းကျေးရွာတွေကိုစံနှုန်းတွေနဲ့အညီ မြို့နယ်ကော်မတီတွေက အဆင့်ဆင့် စိစစ်ရွေးချယ်တာ ဖြစ်ပါတယ်။
အဲဒီအပြင် စီမံကိန်းရန်ပုံငွေကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲတာဖြစ်လို့ အသင်းသူ/အသင်းသားတွေအနေနဲ့ ရန်ပုံငွေရဖို့ငွေကြေးတစုံတရာ ပေးဆောင်ရတာမရှိပါဘူး။
မြစိမ်းရောင်စီမံကိန်းအနေနဲ့ Facebook နဲ့ TikTok အပါအဝင် အွန်လိုင်းလူမှုကွန်ရက်တွေကနေ ချေးငွေထုတ်ချေးပေးတာ လုံးဝမရှိတဲ့အတွက် အွန်လိုင်းကနေ ငွေကြေးတောင်းခံမှုတွေကို အထူးသတိထားကြဖို့လည်း သတိပေးထားပါတယ်။
စီမံကိန်းဆောင်ရွက်လိုတဲ့ ကျေးရွာတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။







