Border News Agency
ထိုင်း၊ နိုဝင်ဘာ ၉။
မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ တရားမဝင်လာတဲ့ အသက်တဆယ့်ကိုးနှစ်အရွယ် ဂျော်ဂျီယာနိုင်ငံသား လူငယ်တဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီ ဂျော်ဂျီယာ လူငယ်ကို နိုဝင်ဘာလ ၆ ရက်နေ့က တာ့ခ် (Tak) ခရိုင်၊ ဖုတ်ဖရ (Phop Phra) မြို့နယ်၊ ဘန်းမောင်းချိုင်း (Ban Mueang Chai) ကျေးရွာအနီး နယ်စပ်ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေက သံသယဖြစ်ဖွယ် တွေ့ရှိကာ စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူဟာ မြန်မာဘက်ခြမ်းမှ သောင်းရင်းမြစ်ကို ဖြတ်ကူးကာ တရားမဝင်နယ်စပ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့တာဖြစ်ကြောင်း ဝန်ခံထားတာပါ။
ခု ဖမ်းဆီးခံရတဲ့ လူငယ်ဟာ မြန်မာဘက်ခြမ်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းတခုမှ ထွက်ပြေးလွတ်မြောက်လာသူ ဖြစ်နိုင်ကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။
ထိုင်းစစ်တပ်က အဲဒီလူငယ်ကို ဖုတ်ဖရ ရဲစခန်းဆီလွှဲပြောင်းပေးထားပြီး ဥပဒေအရ ဆက်လက် အရေးယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။












