Border News Agency
မကွေး၊ နိုဝင်ဘာ ၉။
မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ အိမ်ထောင်စုကိုးရာငါးဆယ့်ရှစ်စု၊ စစ်ဘေးရှောင် ပြည်သူသုံးထောင်သုံးရာလေးဆယ့်တဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ထိ နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာ တောတောင်တွေကြား စစ်ဘေးရှောင်နေရပါတယ်။
စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေဖြစ်တဲ့ ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီနဲ့ လယ်လန်း ကျေးရွာတို့ဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူတွေထဲမှာ အမျိုးသား တထောင့်ငါးရာလေးဆယ့်ငါးဦးနဲ့ အမျိုးသမီး တထောင့်ခုနှစ်ရာကိုးဆယ့်ခြောက် ဦး ပါဝင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီအပြင် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ တပ်မမှ ကျေးရွာတွေကို ဦးတည်လက်နက်ကြီးတွေပစ်ခတ်နေသလို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှလည်း အသေခံဒရုန်းတွေနဲ့ နေ့စဉ်လာရောက် တိုက်ခိုက်နေတာကြောင့် ပြည်သူတွေနေရပ်မပြန်ရဲဘဲ ဖြစ်နေကြတာပါ။
ခုလက်ရှိမိုးအဆက်မပြတ် ရွာသွန်းနေတဲ့ရာသီဥတုအခြေအနေကြောင့် တောတောင်တွေအတွင်း တဲထိုးနေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေကြရပါတယ်။
အဲဒီစစ်ဘေးရှောင် ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတဲတွေ အကူအညီ လိုအပ်နေကြတယ်လို့လည်း စစ်ဘေးရှောင်တွေကဆိုကြပါတယ်။














