Border News Agency
မောင်တော၊ စက်တင်ဘာ ၂၅။
ရခိုင်ပြည်အတွင်း ဘင်္ဂလီတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကသံသယရှင်းကြောင်းနဲ့ လုံးဝပြုလုပ်ထားတာမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
Times Magazine သတင်းထောက် Charlie Campbell နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့တဲ့အခြေအနေတွေအပေါ် အခြေခံပြီး တပ်မတော်နဲ့လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့အရေးယူထားတာတွေနဲ့ ပတ်သက်လို့ မေးမြန်းစဉ် အခုလို ထည့်သွင်း ပြောဆိုခဲ့တာပါ။
”ရခိုင်နဲ့ပတ်သက်ပြီး ဘင်္ဂလီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာတခုမှ သူတို့အပေါ်မှာ လုပ်ထားတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က သံသယရှင်းတယ်။ စိတ်ရှင်းတယ်။” လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။
အဲဒီပြင် တိုင်းပြည်ရဲ့လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့အတွက် ကာကွယ်စောင့်ရှောက်တဲ့အပိုင်းပဲရှိတယ်လို့လည်းသူကဆိုပါတယ်။
”အခြေအနေကိုအမှန်အတိုင်း လာကြည့်ပါ။ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကပြောတာလက်ခံပြီးတော့ လုပ်မယ်ဆိုရင်တော့ သတင်းအမှားပဲရလိမ့်မယ်။” လို့ စစ်ခေါင်းဆောင်က ဆက်လက် ပြောဆိုခဲ့တာပါ။
နိုင်ငံတကာအနေနဲ့ သတင်းအမှားတွေကို လက်မခံဘဲ မြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကို ရှုမြင်ကာပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့စဉ်းစားပေးစေချင်တယ်လို့လည်း သူကဆိုပါတယ်။






