Border News Agency
ပုလော၊ ဧပြီ ၂၀။
တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ ပလောက်မြို့မှာရှိတဲ့ ပြည်သူ့စစ်စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ၁၀ ဦး သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ဧပြီလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလောက်မြို့ပေါ်က ခလရ ၂၈ဝ တပ်ရင်း၊ ပြည်သူ့စစ်စခန်းနဲ့ အမတ ၃၀၉ တပ်ရင်းတွေကို ဧပြီလ ၇ ရက်နေ့၊ မနက်ပိုင်းမှာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ ၁၀ ရက်နေ့မှာလည်း မာန်ဂုံမာရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ထပ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်စခန်းကို KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့၊ KNDO တပ်ရင်း ၇ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီနယ်မြေအတွင်း တင်းမာမှုတွေ ဆက်ရှိနေပြီး စစ်ကော်မရှင်တပ်ဘက်ကလည်း စစ်ကြောင်းထိုးမှုတွေ ဆက်လုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိထားနေထိုင်ကြဖို့လည်းသတိပေးထားပါတယ်။









