Border News Agency
အီရန်၊ မေ ၅။
အီရန်နဲ့အမေရိကန်ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၆၇ ရက်မြောက်နေ့အထိရောက်ရှိလာပြီး ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအခြေအနေကို ရောက်နေပါတယ်။
ဒီနေ့မှာတော့အီရန်ဘက်က ပစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ယူအေအီး (UAE) ဘက်က ထုတ်ပြန်လိုက်သလို ဖူဂျေရာ (Fujairah) ရေနံသိုလှောင်ရုံမှာလည်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ အမေရိကန်စစ်သင်္ဘောတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်လာရင် အီရန်နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ရေလက်ကြားကို ပြန်ဖွင့်ဖို့အတွက် Project Freedom စစ်ဆင်ရေးကိုဆောင်ရွက်နေပြီး အီရန်ရဲ့ စက်လှေငယ် ၆ စင်းကိုလည်း ပစ်မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ပြောဆိုချက်တွေကိုငြင်းဆိုထားပြီး အမေရိကန်ပစ်မှတ်ထားခဲ့တဲ့ စက်လှေတွေဟာ အရပ်သားတွေနဲ့ ကုန်ပစ္စည်းတွေသယ်တဲ့ လှေတွေသာဖြစ်ပြီး အပြစ်မဲ့သူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲခွင့်ဟာ အီရန်ရဲ့တရားဝင်အခွင့်အရေးသာဖြစ်တယ်လို့ အီရန်ဒုသမ္မတက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ဒီစစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာလည်း ရေနံဈေးနှုန်းတွေ ၅ ရာခိုင်နှုန်းကျော်အထိ ရုတ်တရက်ခုန်တက်သွားခဲ့ပါတယ်။
တဖက်မှာလည်း ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ ဥရောပသမဂ္ဂ (EU) တို့အပါအဝင် နိုင်ငံတကာကဒီတိုက်ခိုက်မှုတွေကို ရှုတ်ချနေကြပြီး အခြေအနေတွေပိုမိုဆိုးရွားမလာအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့ တောင်းဆိုနေကြပါတယ်။
အစ္စရေးစစ်တပ်ကတော့ လက်ရှိအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသလို လက်ဘနွန်နယ်စပ်မှာလည်း ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်တပ်ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
အမေရိကန်နဲ့ အီရန်ကြား နိုင်ငံရေးအရညှိနှိုင်းမှုတွေလုပ်ဆောင်နေပေမယ့် နှစ်ဖက်စလုံးရဲ့ တောင်းဆိုချက်တွေက ကွာဟချက်ကြီးမားနေဆဲပဲလို့ သိရပါတယ်။




