Border News Agency
မြောက်ဦး၊မေ ၁၁။
လူ့အဖွဲ့အစည်းတခုဟာ စစ်ဖြစ်နေစဉ်နဲ့ ပြန်လည်တည်ဆောက်ရေးကာလတွေမှာ လူဦးရေလိုအပ်ချက်အရ မယားပြိုင်စနစ်ကျင့်သုံးသင့်သလား။
အဲဒီမေးခွန်းရဲ့အဖြေကို သမိုင်းအမြင်က ဖြေရရင် မကျင့်သုံးသင့်သလို ကျင့်သုံးဖို့မလိုပါဘူး။ ဥပမာ – ဒုတိယကမ္ဘာစစ်အတွင်းနဲ့စစ်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွင်း နိုင်ငံတွေရဲ့အခြေအနေကို လေ့လာကြည့်တဲ့အခါ အဲဒီနိုင်ငံတွေမှာ”မယားပြိုင်စနစ်ကို မကျင့်သုံးပါဘူး”။
သမိုင်းသုတေသနအထောက်အထားအရ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူအသေအပျောက်အများဆုံးနိုင်ငံကတော့ ဆိုဗီယက်ယူနီယံ(Soviet Union)ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ တရုတ်နိုင်ငံက ဒုတိယအများဆုံးဖြစ်ပါတယ်။
ဆိုဗီယက်ယူနီယံဟာ ဒုတိယကမ္ဘာစစ်မှာ လူပေါင်း ၂၇ သန်းခန့် (စစ်သား ၈ သန်းကျော်နဲ့အရပ်သား ၁၉ သန်းနီးပါး) သေဆုံးခဲ့ပါတယ်။
အဲဒါဟာ အဲဒီတုန်းက ဆိုဗီယက်လူဦး ရေရဲ့ ၁၄ ရာခိုင်နှုန်းနီးပါးသေဆုံးခဲ့တာပါ။
တရုတ်နိုင်ငံက လူပေါင်း ၁၅ သန်းမှသ န်း ၂၀ ကြားသေဆုံးခဲ့ပါတယ်။
အဲဒီတော့ ဆိုဗီယက်ယူနီယံနဲ့တရုတ်မှာ မယားပြိုင်ယူခဲ့ကြသလား
ဆိုဗီယက်ယူနီယံနဲ့တရုတ်မှာ အမျိုးသားဦးရေ အလွန်အမင်းနည်းပါးသွားပေမယ့် မယားပြိုင်စနစ်ကို ကျင့်သုံးဖို့ မစဉ်းစားခဲ့ကြပါဘူး။
အကြောင်းရင်းခံတွေက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အခွင့်အရေးအရ တန်းတူညီမျှမှုရှိတယ်ဆိုတာကို ကွန်မြူနစ်ဝါဒလက်ခံပါတယ်။
မယားပြိုင်စနစ်ဟာ အမျိုးသမီးတွေကို နှိမ့်ချရာရောက်တယ်လို့ ယူဆတဲ့အတွက် လုံးဝခွင့်မပြုပါဘူး။
ကျား/မ တန်းတူညီမျှမှုအယူအဆက ဒီနိုင်ငံတွေရဲ့လူသားအရင်းအမြစ်ပြဿနာကို ဖြေရှင်းပေးသွားပါတယ်။
အမျိုးသားတွေမရှိတော့တဲ့အခါ ဆိုဗီယက်နဲ့တရုတ်အမျိုးသမီးတွေဟာ ကလေးမွေးဖို့ထက် စက်ရုံတွေမှာ လုပ်ကိုင်တာ၊လယ်ယာစိုက်ပျိုးတာနဲ့စစ်တိုက်တာတွေကို တက်ကြွစွာလုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒါက လုပ်သားလိုအပ်ချက်ထဲ အမျိုးသမီးတွေ ဝင်ရောက်လာတာပါပဲ။
နောက်တခုက အစိုးရတွေရဲ့ဖြေရှင်းပုံ မူဝါဒအပိုင်ပါ။
ဆိုဗီယက်အစိုးရက မယားပြိုင်စနစ်အစား”မိခင်ဆုတံဆိပ်”တွေပေးပြီး ကလေးများများမွေးတဲ့ မိခင်တွေကို ထောက်ပံ့ကြေးပေးတဲ့နည်းလမ်းနဲ့လူဦးရေကို ပြန်လည်မြှင့်တင်ခဲ့ပါတယ်။
အဲဒါက ဒုတိယကမ္ဘာစစ်မှာ လူသေဆုံးမှု(တနည်း အမျိုးသားဦးရေသေဆုံးမှု) များတဲ့ဆိုဗီယက်နဲ့တရုတ်ရဲ့ အချက်အလက်ပါ။
ဒီလိုဆိုရင် နျူကလီးယားဒဏ်ခံခဲ့ရတဲ့ဂျပန်ကကော ပြန်လည်ထူထောင်ရေးအတွက် မယားပြိုင်စနစ်ကို ကျင့်သုံးခဲ့သလား။
ပြီးရင် ပြင်သစ်၊အမေရိကန်နဲ့တရုတ်ကို ရင်ဆိုင်ခဲ့ရတဲ့ဗီယက်နမ်ကော မယားပြိုင်စနစ်ကို ကျင့်သုံးခဲ့သလား။
ဂျပန်နဲ့ဗီယက်နမ် နှစ်နိုင်ငံလုံး စစ်ဒဏ်ကြောင့် လူအများကြီး သေဆုံးခဲ့ပေမယ့် မယားပြိုင်စနစ်ကို မလုပ်ခဲ့ကြပါဘူး။
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာစစ်ရှုံးပြီးနောက်ပိုင်း အမေရိကန်ရဲ့လွှမ်းမိုးမှုနဲ့အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။
၁၉၄၇ ခုနှစ် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အိမ်ထောင်ရေးကို နှစ်ဦးသ ဘောတူညီမှုနဲ့တန်းတူညီမျှမှုအပေါ်မှာပဲ အခြေခံရမယ်လို့ ပြဋ္ဌာန်းပြီး တလင်တမယားစနစ်ကို ခိုင်မာအောင်လုပ်ခဲ့ပါတယ်။
ဗီယက်နမ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြင်သစ်၊အမေရိကန်နဲ့စစ်ပွဲတွေကြုံခဲ့ရပေမယ့် ကွန်မြူနစ်အစိုးရက ၁၉၆၀ ပြ ည့်နှစ်မှာ”အိမ်ထောင်ရေးနဲ့မိသားစုဥပဒေ”ကို ထုတ်ပြန်ပြီး မယားပြိုင်စနစ်ကို တရားဝင်ပိတ်ပင်ခဲ့ပါတယ်။
အမျိုးသမီးတွေကို စစ်မြေပြင်နဲ့ထောက်ပံ့ရေးမှာ အင်အားတရပ်အနေနဲ့အ သုံးချခဲ့တာက ပိုများပါတယ်။
ဘာကြောင့် စစ်ဖြစ်ပေမယ့် မယားပြိုင်စနစ်ကို မလုပ်ကြတာလဲ
သမိုင်းမှာ စစ်ဖြစ်လို့ လူဦးရေလျော့သွားတဲ့အခါ ခေတ်သစ်လူ့ဘောင်နိုင်ငံ တော်တော်များများက မယားပြိုင်စနစ်ကို မရွေးချယ်ကြတော့ပါဘူး။ မယားပြိုင်စနစ်အစား သူတို့သုံးတဲ့နည်းလမ်းတွေထဲမှာ…
(က)အမျိုးသမီးတွေကို လုပ်ငန်းခွင်ထဲခေါ်သွင်းခဲ့ပါတယ်။
အမျိုးသားတွေနေရာမှာ အမျိုးသမီးတွေ အစားထိုးဝင်ရောက် လုပ်ကိုင်စေပြီး စီးပွားရေးကို လည်ပတ်စေပါတယ်။
အဲဒီအနေအထားဟာ အမျိုးသမီးတွေအတွက် ငွေကြေးနဲ့ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေမှာ ပိုပြီးအမှီအခိုကင်းလာကြပါတယ်။
အဲဒီလိုအမှီအခိုကင်းမှုက စားဝတ်နေရေးအပိုင်းမှာ အမျိုးသားလင်ယောကျ်ားတွေကို ဝန်ထုတ်ဝန်ပိုးလျော့လာစေပါတယ်။
(ခ)ကလေးမွေးဖွားမှုကို အားပေးဖို့အတွက် ငွေကြေးထောက်ပံ့တာ၊ကျန်းမာရေးစောင့်ရှောက်တာမျိုးတွေနဲ့အမျိုး သမီးတွေကို လူမှုဖူလုံရေးမြှင့်တင်ပေးပါတယ်။
(ဂ)၂၀ ရာစုနောက်ပိုင်းမှာ”လူ့အခွင့်အရေး”နဲ့”အမျိုးသမီးအခွင့်အရေး”စတဲ့ခေတ်သစ်ယဉ်ကျေးမှုတန်ဖိုးတွေက ကမ္ဘာတဝှမ်းပြန့်နှံ့နေပါပြီ။
အဲဒီလိုယဉ်ကျေးမှုအတွေးအခေါ် မြင့်မားလာတဲ့အခြေအနေမှာ မယားပြိုင်စနစ်ကို ကျင့်သုံးဖို့ဆိုတာ နိုင်ငံရေးအရရော လူမှုရေးအရပါ အလွန်ရှက်စရာကောင်းပြီး ဆိုးကျိုးတွေများလို့ဖြစ်ပါတယ်။
အာရက္ခဒေသမှာ ဘာတွေဖြစ်နေသလဲ
အာရက္ခဒေသမှာ တလင်တမယား ပြဿနာတွေ ရှိနေပါတယ်။
အဲဒီပြဿနာတွေကို တရားရုံးတွေက ကိုင်တွယ်မှုအားနည်းတယ်လို့ အသံတွေထွက်နေပါတယ်။
စစ်ပွဲပဋိပက္ခဒေသတွေမှာ ဖိုဝါဒကြီးစိုးမှု (Patriarchy)ရှိလာတတ်ပါတယ်။
စစ်ပွဲတွေဟာ လူ့အဖွဲ့အစည်းရဲ့ရှေ့ကို ရောက်လာတာနဲ့အမျှ သူရဲကောင်းဝါဒ နေရာမှာ ဖိုဝါဒက အလိုက်သင့်နေရာဝင် ယူသွားတဲ့သဘောပါ။
စစ်ပွဲပဋိပက္ခဒေသမှာ စားဝတ်နေရေးကျပ်တည်းတတ်ပါတယ်။
အဲဒီကျပ်တည်းမှုက အမျိုးသမီးတွေအပေါ် ရိုက်ခတ်မှုအလွန်ကြီးမားပါတ ယ်။
စားဝတ်နေရေးအကျပ်အတည်းနဲ့ဖိုဝါဒကြီးစိုးမှုရောစပ်လာတဲ့အခါ”နောက်လင်၊နောက်မယား”ပြဿနာတွေ ရှိလာပါတယ်။
အရပ်အခေါ် “ဗိုလ်လုပွဲ”ပြဿနာတွေရဲ့ အနက်ရှိုင်းဆုံးတနေရာမှာ စားဝတ်နေရေးအကျပ်အတည်းနဲ့အမျိုးသမီးတွေအပေါ် ဘဝမျှော်လင့်ချက်ပျောက်ဆုံးမှုဆိုတဲ့လူမှုရေးဆိုင်ရာမလုံခြုံမှုပြဿနာ ရှိနေတာပါ။
အဲဒီပြဿနာဟာ ရေတိုမဟုတ်ပါဘူး။ ရေတို၊ရေရှည်အစီအစဉ်တွေနဲ့ဖြေရှင်းရမယ့်လူမှုရေးနဲ့လူသားချင်းစာနာမှုအကျပ်အတည်းကိစ္စပါ။
အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်မှုနဲ့လူမှုရေးအထောက်အပံ့ပေးမှုတွေနဲ့ဖြေရှင်းဖို့လိုပါတယ်။
အမျိုးသမီးတွေလုပ်ကိုင်နေတဲ့အလုပ် အကိုင်တွေကို အထောက်အပံ့ပေးဖို့နဲ့ အခွန်ကင်းလွတ်မှု၊အခွန်လျော့ပေါ့မှုတွေပေးပြီး အမျိုးသမီးတွေကို စီးပွား ရေးအခွင့်အလမ်းတွေ ဖန်တီးပေးကြဖို့လိုပါတယ်။
စီးပွားရေးဟာ စစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့အထိ သက်ရောက်တတ်ပါတယ်။
ဒီကြားထဲ ပေါက်တက်ကရ ဖိုဝါဒီတွေရဲ့“လူဦးရေများအောင် မိန်းမများများယူရမယ်။”ဆိုတဲ့အသံကြောင်ကျားတွေ ထွက်လာပါတယ်။
အဲဒီဖိုဝါဒီတွေကို ပြောချင်တာက Polygamy isn’t Nation Building ဆိုတာပါပဲ။
မယားပြိုင်စနစ်နဲ့ခေတ်သစ်ကမ္ဘာကြီးမှာနိုင်ငံတော်တည်ဆောက်လို့မရပါဘူး ။
အဲဒါကို အကြောက်အကန်ငြင်းလာရင် အဲလိုဖိုဝါဒီအူကြောင်ကျားတွေကို သက်သေပြလို့ရပါတယ်။
အာရက္ခဒေသမှာ လက်ရှိအချိန်ထိ လူသားလိုအပ်ချက်မရှိသေးပါဘူး။
အဲလိုမရှိသေးလို့ဘဲ ULA/AA ရဲ့စစ်မှု ထမ်းမူဝါဒမှာ စစ်မှုထမ်းနိုင်တဲ့ဦးရေ တသန်းနီးပါးရှိတယ်လို့ တရားဝင်ပြောထားတာပါ။
ပြီးရင် အမျိုးသမီးတွေကိုလည်း အမျိုးသားတွေနဲ့တန်းတူ စစ်သင်တန်းတက်ခိုင်းနေပါပြီ။
စစ်သင်တန်းလို အခြေအနေမျိုးထိ အမျိုးသမီးတွေကို ဆွဲသွင်းပြီးခါမှ ဘာဖြစ်လို့ အမျိုးသမီးတွေကို လေးစားမှုပေးဖို့ကို ကြောက်နေကြတာပါလဲ။
အဲဒါထက် သေချာတဲ့သက်သေလည်း မရှိတော့ပါဘူး။
ကမ္ဘာပေါ်က တိုးတက်နေတဲ့လူ့ဘောင်တွေဟာ မယားပြိုင်စနစ်ကို မကျင့်သုံးသင့်တဲ့အရာအဖြစ် သတ်မှတ်တာဟာ မယားပြိုင်စနစ်ရဲ့ ဆိုးကျိုးတွေကို သင် ခန်းစာယူနိုင်ခဲ့လို့ပါ။
အဲဒါကြောင့် အာရက္ခဒေသမှာ လူဦးရေတိုးဖို့အတွက် မယားပြိုင်စနစ်လိုတယ် ဆိုတဲ့အချို့ ဖိုဝါဒီအူကြောင်ကျားတွေရဲ့အယူအဆဟာ ခေတ်သစ်ကမ္ဘာ့သမို င်းနဲ့နှိုင်းယှဉ်ရင် အလွန်ထူးဆန်းပြီး လက်တွေ့မကျတဲ့အယူအဆဖြစ်သလို လူသားချင်းစာနာမှုကို မျက်ကွယ်ပြုမှုလည်းဖြစ်ပါတယ်။
အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒီစနစ်ကိုလည်း ဆန့်ကျင်ဖို့လိုပါတယ်။
(မှတ်ချက် – ဒီဆောင်းပါးဟာ စစ်ပွဲ၊လူဦးရေလိုအပ်ချက်၊မယားပြိုင်စနစ်အ တွေးအခေါ်နဲ့ ရခိုင်ဒေသရဲ့လူသားချင်းစာနာမှုအကျပ်အတည်းကို မူဝါဒပိုင်း၊စနစ်လိုအပ်ချက်အပေါ် ဆက်စပ်တင်ပြမှုသာဖြစ်ပြီး ပုဂ္ဂလိကကိစ္စတွေကို မရည်ရွယ်ပါဘူး။)






