Border News Agency
အိန္ဒိယ၊မေ ၁၁။
အိန္ဒိယတောင်ပိုင်း ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတဦးဖြစ်တဲ့ စီဂျိုးဇက် ဗီဂျေး (C. Joseph Vijay) ဟာသူကိုယ်တိုင်အသစ်ဖွဲ့စည်းထားတဲ့ TVK ပါတီနဲ့ ပြည်နယ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် မေလ ၁၀ ရက်၊မနေ့ကတမီလ်နာဒူးပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် တရားဝင်ကျမ်းကျိန်ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဗီဂျေးရဲ့ TVK ပါတီဟာ အမတ်နေရာ ၂၃၄ နေရာရှိတဲ့အထဲက ၁၀၈ နေရာ အနိုင်ရရှိခဲ့တာပါ။
အစိုးရဖွဲ့နိုင်ဖို့အတွက် အမတ်နေရာ ၁၀ နေရာ ဝန်းကျင် လိုအပ်နေခဲ့ပေမယ့် အိန္ဒိယရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်စ်ပါတီနဲ့ တခြားမဟာမိတ်ပါတီငယ်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာကြောင့် အခုလို အစိုးရဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
မနေ့က ပြုလုပ်တဲ့ ကျမ်းကျိန်ပွဲအခမ်းအနားကို ပြည်နယ်မြို့တော် ချန်နိုင်းမှာရှိတဲ့ ဂျဝါဟာလာ နေရူး အားကစားရုံမှာ လုံခြုံရေးအင်အား အမြောက်အမြားနဲ့ ကျင်းပခဲ့တာပါ။
အဲဒီပွဲကို ကွန်ဂရက်စ်ပါတီ ခေါင်းဆောင် ရာဟူးလ် ဂန္ဓီ အပါအဝင် အိန္ဒိယနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ အစုံအလင် တက်ရောက်ခဲ့ကြပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီဂျေးဟာ တမီလ်နာဒူးပြည်နယ်က လူငယ်တွေနဲ့ အမျိုးသမီးပရိသတ်တွေကြားမှာ အင်မတန် လူကြိုက်များသူ ဖြစ်ပါတယ်။
အခုလို ရုပ်ရှင်မင်းသားဘဝကနေ ပြည်နယ်ရဲ့ အမြင့်ဆုံးအုပ်ချုပ်ရေးမှူး ရာထူးကို ရယူနိုင်ခဲ့တာဟာ သူ့ရဲ့ ပရိသတ်တွေအတွက်တော့ သမိုင်းဝင်အောင်ပွဲတခု ဖြစ်နေပါတယ်။
ဗီဂျေးနဲ့အတူ ဝန်ကြီး ၈ ဦးလည်း တပါတည်း ကျမ်းကျိန်ဆိုခဲ့ကြပြီး ပြည်နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်တော့မှာ ဖြစ်ပါတယ်။
အနုပညာရှင်တဦးအနေနဲ့ လူထုရဲ့ အားကိုးမှုကို ရရှိထားတဲ့ ဗီဂျေးဟာ ပြည်နယ်တွင်း ပြောင်းလဲမှုတွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကိုတော့ အိန္ဒိယတနိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။






