Border News Agency
အီရန်၊ဇွန် ၁၀ါ
အမေရိကန်စစ်တပ်ရဲ့ Apache ရဟတ်ယာဉ်တစင်း ဟော်မုဇ်ရေလက်ကြားမှာ ပစ်ချခံခဲ့ရပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်တို့အကြား စစ်ရေးတင်းမာမှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာပါတယ်။
အမေရိကန်ဘက်က အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သလို အီရန်ဘက်ကလည်း ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်လေတပ်က အီရန်ရဲ့ ရေဒါစခန်းတွေနဲ့ ဒုံးကျည်ကာကွယ်ရေးစခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ ရဟတ်ယာဉ် ပစ်ချခံရမှုအတွက် အချိုးကျ တုံ့ပြန်လိုက်တာလို့ ဆိုပါတယ်။
အီရန်ဘက်ကလည်း သူတို့နိုင်ငံအပေါ် တိုက်ခိုက်မှုတွေကို လုံးဝ လက်မခံဘဲ ပြန်လည်တုံ့ပြန်သွားမယ်လို့ ကြေညာထားတာကြောင့် စစ်ရေးအခြေအနေက ပိုမိုရှုပ်ထွေးလာပါတယ်။
အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က သူတို့အနေနဲ့ ဘာရိန်းရှိ အမေရိကန်ပဉ္စမရေတပ်စခန်းနဲ့ ဂျော်ဒန်ရှိ အမေရိကန်လေတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြေညာပါတယ်။
ဒီလုပ်ဆောင်ချက်တွေကြောင့် ဒေသတွင်းမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး ကူဝိတ်နိုင်ငံမှာလည်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အသင့်အနေအထား ပြင်ဆင်ထားရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ရေးကျွမ်းကျင်သူတွေကတော့ နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုတွေဟာ အတိုင်းအတာတခုအထိသာ ရှိနေတဲ့အတွက် စစ်ပွဲကြီးတစ်ခုအထိ ချဲ့ထွင်ဖို့ထက် အခြေအနေကို ထိန်းချုပ်ထားဖို့ ကြိုးစားနေတာလို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့်လည်း အခုလို အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပျက်ပြားသွားနိုင်ပြီး ပိုမိုပြင်းထန်တဲ့ စစ်ပွဲဆီ ဦးတည်သွားမှာကို စိုးရိမ်နေကြပါတယ်။
တဖက်မှာလည်း အစ္စရေးနဲ့ လက်ဘနွန်တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် ဒေသတွင်း စစ်ရေးအခြေအနေဟာ အလွန်ကို မတည်မငြိမ် ဖြစ်နေပါတယ်။
လာမယ့် နာရီပိုင်းအတွင်း အမေရိကန်နဲ့ အီရန်တို့ရဲ့ တုံ့ပြန်မှုတွေက စစ်ရေးပဋိပက္ခ ဆက်ဖြစ်မလား ဒါမှမဟုတ် သံတမန်လမ်းကြောင်းကို ပြန်လှည့်မလားဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။










