Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၅။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စစ်တွေခရိုင်အချုပ်ထောင်မှ မုဒိမ်းမှုနဲ့တရားရင်ဆိုင်နေရတဲ့ တရားခံနှစ်ဦးထွက်ပြေးလွတ်မြောက်နေတယ်လို့ အတည်ပြုပြောကြပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာမှ အသက်ငါးဆယ်တနှစ်အရွယ်ကျော်ဝင်းချေနဲ့ ရသေ့တောင်မြို့နယ်၊ ကြံတိုင်းအောင်ကျေးရွာမှ အသက်လေးဆယ်လေးနှစ်အရွယ် ဘိုသန်းဝင်းဟာ ပြီးခဲ့တဲ့မေလ ၅ ရက်နေ့က ထွက်ပြေးလွတ်မြောက်နေတာလို့ ဒေသခံတွေကဆိုကြပါတယ်။
”ဒီလပ်တွေ ရွာကိုရောက်လာကြပါတယ်။ ကြံတိုင်းအောင်ရွာက မုဒိမ်းမှုနဲ့ဖမ်းဆီးခံထားရတဲ့ ဘိုသန်းဝင်းထွက်ပြေးသွားလို့ လာရှာကြတာပါ။”လို့ ကြံတိုင်းအောင်ကျေးရွာသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျော်ဝင်းချေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစခန်းမှာ စစ်ဘေးရှောင်နေတာဖြစ်ပြီး အဲဒီစခန်းက အသက်သုံးဆယ်လေးနှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်မှုနဲ့ဖမ်းဆီးစစ်ဆေးခံနေရတာပါ။
ဒါပေမယ့် ဖမ်းဆီးစစ်ဆေးခံနေရတာတွေကြားက ထွက်ပြေးလွတ်မြောက်သွားကြသလို ပြန်ဖမ်းမရသေးတာမို့ ပြည်သူတွေစိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။
“တရားခံနှစ်ဦးစလုံးက မုဒိမ်းမှုနဲ့ပါ။ ဒီရွာက အမှုကတော့နည်းနည်းကြာပါပြီ။ တရားရင်ဆိုင်နေရင်းနဲ့ထွက်ပြေးသွားတာပါ။”လို့ ဒေသခံရွာသားတဦးက Border News Agency ကို ပြောပါတယ်
အဲဒီမုဒိမ်းတရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားတာ သုံးလနီးပါးကြာလာပေမယ့် ပြန်ဖမ်းမရသေးဘူးလို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အကျဥ်းထောင်တွေ
လည်းရှိနေပါတယ်။









