Border News Agency
အဉ္ဇနပူရ၊ စက်တင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အဉ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
စွန်ရဲကျေးရွာကို စက်တင်ဘာလ ၂၈ ရက်နေ့၊ ဒီနေ့မနက် ၇နာရီကျော်အချိန်ခန့်က စစ်တပ်ရဲ့မကွေးလေတပ်မှ Y12 စစ်ထောက်ပို့လေယာဥ်နဲ့ ဒရော့ဗုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာတွေကြောင့် အရပ်သားခုနှစ်ဦးဒဏ်ရာရသွားခဲ့ပြီး နေအိမ်တချို့လည်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီအဉ္ဇနပူရမြို့တွင်းကိုလည်း စက်တင်ဘာလ ၂၇ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ရေးအရှုံးနဲ့ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာစစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ စစ်ဘေးရှောင်စခန်းတွေကို နေ့ရောညပါ လေကြောင်းကနေ သူရဲဘောကြောင်စွာတိုက်ခိုက်နေတာလို့ အာရက္ခတပ်တော်ကဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ ဒဏ်ရာရနေကြရသလို စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးမှုပိုများလာနေပါတယ်။








