Border News Agency
ပေါက်တော၊စက်တင်ဘာ ၂၈။
အာရက္ခဒေသအနှံ့ကမြို့ရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁၇ ရက်မှ ၂၇ ရက်ထိ ၁၀ ရက်တာအတွင်း လေကြောင်း၊လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်တော၊ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ကျိန္တလီမြို့နယ်တို့က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ သမိုင်းဝင်တောင်းဖူးဘုရားသိမ်တို့ ထိခိုက်ပျက်စီးခဲ့ရတာပါ။
အဲဒီအပြင်ဒေသခံပြည်သူတွေရဲ့ လူနေအိမ်အများအပြားလည်း မီးလောင်ပြာကျပျက်စီးခဲ့ရတဲ့အပြင် လယ်ယာမြေတွေလည်းထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။
စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးနဲ့ ဗုံးစတွေထိမှန်တာကြောင့် ဒေသခံတွေမွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဝက်နဲ့ ဆိတ် အများအပြားလည်းသေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးအရှုံးတွေကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကို အဓိက ဦးတည်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။














































