Border News Agency
သံတွဲ၊ ဇူလိုင် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ကို ဇူလိုင်လ ၂၄ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်လုပ်ခဲ့တာမို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဆယ်တဦးဒဏ်ရာရသွားပါတယ်။
အဲဒီသံတွဲမြို့၊ အမှတ် ၇ ရပ်ကွက်ကို ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၂ နာရီ ၂၀ မိနစ်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် သံတွဲမြို့၊ အမှတ် ၇ ရက်ကွက်ကို ဇူလိုင်လ ၂၄ ရက်နေ့၊ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်အချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ရေကောက်ကျေးရွာ စာသင်ကျောင်းအနီးကို ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၂ နာရီ ၂၆ မိနစ်အချိန် အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်ပျက်စီးသွားပါတယ်။
နောက်ပြီးသံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ရောင်ခြည်ဦးကျေးရွာမှ သစ္စာရောင်ခြည်ဦးဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးကို ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးသေဆုံးပြီး အသက်ဆယ်နှစ်အောက်ကလေးနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရသွားပါတယ်။
အဲဒီအပြင်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်နှစ်လုံးပျက်စီးသွားပြီး အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အများအပြားပျက်စီးသွားပါတယ်။
အဲဒီသံတွဲမြို့နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြသလိုအဆောက်အအုံတွေလည်း ပျက်စီးနေပါတယ်။
























