Border News Agency
ဖိလစ်ပိုင်၊ဇွန် ၁၀။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို လေ့လာပြီး အဖြေရှာနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံသွားမယ်လို့ အာဆီယံဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ပြောပါတယ်။
တိုကျိုမြို့မှာ ကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပြီး မြန်မာ့အရေးမှာ အာဆီယံအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို သိရှိဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်အဖွဲ့တွေကို ဘယ်နေရာမှာ တွေ့ဆုံမလဲဆိုတာကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။
ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားပြီး ဝန်ကြီး လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ထားတာပါ။
၂၀၂၁ ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလမှာ အရပ်သားအစိုးရအမည်ခံသစ်တရပ် ပေါ်ပေါက်လာပြီးနောက်ပိုင်း အာဆီယံက မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မနီလာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ သက်ဆိုင်သူတွေပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ခေါ်ယူကျင်းပပေးခဲ့ဖူးပါတယ်။










