Border News Agency
အမေရိကန်၊ဇွန် ၁၀။
အမေရိကန်စစ်တပ်ရဲ့ Apache ရဟတ်ယာဉ်တစင်း ဇွန်လ ၉ ရက်နေ့ကပစ်ချခံခဲ့ရတာကြောင့်အီရန်ကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးအရတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ်ကထုတ်ပြန်ပါတယ်။
အခုလုပ်ဆောင်ချက်က သမ္မတရဲ့ ညွှန်ကြားချက်အရ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအနီးက အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းတွေ၊မြေပြင်ထိန်းချုပ်ရေးစခန်းတွေနဲ့ စောင့်ကြည့်ရေး ရေဒါစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန်လေတပ်နဲ့ ရေတပ်က တိုက်လေယာဉ်တွေကို အသုံးပြုပြီး တိကျတဲ့လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောတွေကို အီရန်ဘက်က အကြောင်းမဲ့ တိုက်ခိုက်နေတာတွေအတွက် အချိုးကျတဲ့ လက်တုံ့ပြန်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။
အမေရိကန်စစ်တပ်အနေနဲ့ အီရန်ရဲ့ မတရားတဲ့ ကျူးကျော်မှုတွေကို ခုခံကာကွယ်ဖို့ အသင့်အနေအထား ရှိနေဆဲဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်တာတွေကို ဇွန်လ ၉ ရက်၊မနေ့ညနေ ၅ နာရီအချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်ဘက်ကတော့ လိုအပ်ရင် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။










