Border News Agency
ကွာလာလမ်ပူ၊ဇွန် ၁၀။
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူက ပူဒူဈေးမှာ ဇွန်လ ၉ ရက်၊မနေ့ မနက်ပိုင်းက စည်ပင် (DBKL) နဲ့လူဝင်မှုကြီးကြပ်ရေး (JIM) တို့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီ စစ်ဆေးမှုတွေက ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေတဲ့ နိုင်ငံခြားသားတွေနဲ့ စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူဖို့ဖြစ်တယ်လို့သိရပါတယ်။
အဲဒီလို စစ်ဆေးတဲ့အခါမှာ လိုင်စင်မရှိဘဲ လမ်းမပေါ်မှာ ပိတ်ပြီးရောင်းနေတဲ့ဈေးသည် ၂၂ ဦး၊နိုင်ငံခြားသား ၁၃ ဦးနဲ့ဒေသခံ ၉ ဦးရဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
သူတို့ကိုဒဏ်ငွေဆောင်ခိုင်းတာတွေ လုပ်ခဲ့ပြီး ပစ္စည်းတွေကိုတော့ စည်ပင်ဂိုဒေါင်ကို ပို့ထားလိုက်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဈေးထဲက နိုင်ငံခြားသား ၆၀ ကျော်ကို စစ်ဆေးခဲ့ပြီး အဲဒီထဲကမှ ဗီဇာအထောက်အထား စာရွက်စာတမ်း မပြနိုင်တဲ့ မြန်မာ ၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃ ဦးနဲ့ အင်ဒိုနီးရှား ၁၂ ဦးကို ဖမ်းဆီးလိုက်တာပါ။
အဲဒီ အဖမ်းခံရတဲ့သူတွေကိုတော့ ဥပဒေအရ ဆက်အရေးယူဖို့ ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေး စခန်းဆီ ပို့လိုက်ပြီဖြစ်ပါတယ်။
အဲဒီလို စစ်ဆေးဖမ်းဆီးတာတွေကို နောက်ပိုင်းမှာလည်း ဆက်လုပ်သွားဦးမယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မလေးရှားရောက် မြန်မာတွေအနေနဲ့ အထောက်အထားတွေကို သေချာပြင်ဆင်ထားဖို့နဲ့ စည်းကမ်းတကျ နေထိုင်ဖို့ သတိထားနေထိုင်ကြဖို့ မလေးရှားရောက်မြန်မာတွေက ဆိုကြပါတယ်။



















