Border News Agency
နေပြည်တော်၊မေ ၁၁။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေရာကို ဆက်ခံတဲ့ ကာကွယ်ရေးဦးစီးချုပ်သစ် ရဲဝင်းဦးဟာ မေလ ၉ ရက်နေ့ကနေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး အတွင်းမှာ တပ်သားတွေ၊မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး စစ်သားဘဝဟာ ရခဲတာကြောင့် ကြိုးစားကြဖို့နဲ့ သစ္စာရှိကြဖို့ ပြောကြားခဲ့ပါတယ်။
အဲဒီ ရဲဝင်းဦးက စစ်သည်တွေအနေနဲ့ သစ္စာပျက်ရင် ဘေးအန္တရာယ်ဖြစ်နိုင်တယ်လို့ သတိပေးခဲ့သလို စစ်သည်ဇနီးတွေကိုလည်း ဂုဏ်ယူစွာနဲ့ ပါရမီဖြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါဟာ မင်းအောင်လှိုင်လက်ထက်ကအတိုင်း တပ်တွင်းစည်းရုံးရေးနဲ့ ဝါဒဖြန့်မှုတွေကို ပုံစံတူ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းစစ်တပ်ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး အကြမ်းဖက်သတ်ဖြတ်တာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ကာချုပ်သစ်ရဲ့ သစ္စာရှိရန်ဆိုတဲ့ စကားဟာ လက်အောက်ခံ တပ်သားတွေကို အသုံးချဖို့သာ ဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ရဲဝင်းဦးရဲ့ ဒီခရီးစဉ်ဟာ တပ်ချုပ်အသစ်ဖြစ်လာပြီးနောက် တပ်တွင်းမှာ သူ့ရဲ့အာဏာခိုင်မာအောင် စတင်တည်ဆောက်နေတဲ့ ထုံးစံအတိုင်း လုပ်ဆောင်ချက်တခုသာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
စစ်တပ်အတွင်းမှာလည်း အောက်ခြေတပ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေ ကောင်းစားရေးအတွက် စတေးခံနေရတဲ့ အခြေအနေတွေ ရှိနေဆဲ ဖြစ်ပါတယ်။






