Border News Agency
စစ်ကိုင်း၊ဇွန် ၁၁။
တော်လှန်ရေးကာလအတွင်း တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ အထူးလှုပ်ရှားတပ်မက ရဲဘော်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတခုကို ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ဇွန်လ ၆ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တာဖြစ်ပြီး တပ်ဖွဲ့စတင်တည်ထောင်ချိန်ကနေ အခုအချိန်ထိ တိုက်ပွဲဝင်ရင်း အင်္ဂါအစိတ်အပိုင်း ပေးဆပ်ခဲ့ရတဲ့ ရဲဘော် ၁၂၄ ဦးကို ဂုဏ်ပြုခဲ့တာပါ။
အခမ်းအနားမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့သလို တာဝန်ရှိသူတွေကလည်း ဂုဏ်ပြုမှတ်တမ်းလွှာတွေနဲ့ ချီးမြှင့်ငွေတွေကို ကိုယ်တိုင်ပေးအပ်ခဲ့ကြပါတယ်။
“တိုင်းပြည်အတွက် အသက်သွေးချွေးနဲ့ ကိုယ်လက်အင်္ဂါတွေကိုပါ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ စွန့်စားမှုကို ပြည်သူတစ်ရပ်လုံးက အစဉ်အမြဲ လေးမြတ်ဂုဏ်ယူနေမှာပါ” လို့ အထူးလှုပ်ရှားမှုတပ်မဘက်ကလည်း အသိပေးဂုဏ်ပြုစကား ဆိုထားပါတယ်။



























